တရုတ်နိုင်ငံက မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၁ ဦးကို ပထမအသုတ်အဖြစ် တရုတ်နိုင်ထုတ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရပြီး တရုတ်နိုင်ငံ ရွှေလီမြို့၌ လူ ၂၂၀၀ ကျော် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်တွင် ဒီဇင်ဘာ ၂၉ ရက် ညနေ ၃ နာရီတွင် မြန်မာ-တရုတ် (မူဆယ်-ရွှေလီ) နှစ်ဖက် တာဝန်ရှိသူများက နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့် ဆွေးနွေးချက်များထဲတွင် တရုတ်နိုင်ငံက ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့မှုနှင့် ပတ်သက်၍ ပြောကြားရာ၌ တရုတ်နိုင်ငံဘက်တွင် ယခုလက်ရှိ ထိုးပေးနေသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်ပြီး ၁၄ ရက်ကြာလျှင် ထပ်မံထိုးရကြောင်း၊ ကာကွယ်ဆေး တစ်လုံးလျှင် တရုတ်ယွမ်ငွေ ၂၀၀ ဖြစ်ကြောင်းနှင့် ရွှေလီမြို့တွင် လူ ၂၂၀၀ ကို ထိုးနှံပေးပြီးဖြစ်ကြောင်း၊ နောက်ဆက်တွဲဆိုးကျိုးများ မရှိကြောင်း၊ ယခုလက်ရှိ တရုတ်နိုင်ငံဘက်တွင် အရေးကြီးသည့် နေရာများဖြစ်သည့် နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်သွယ်ရေး ဆောင်ရွက်နေသူများနှင့် ခေါက်တိုယာဉ်မောင်းများကို ဦးစားပေးအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအား ကာကွယ်ဆေးများ ထိုးမည်ဆိုပါက မြန်မာနိုင်ငံသို့ တရားဝင်စာဖြင့် အကြောင်းကြား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တို့ကို တရုတ်နိုင်ငံမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။
“သူတို့ဘက်အခြမ်းက လူတွေထိုးတာ။ ရှန်တိန် (အစားထိုးယာဉ်မောင်း) သမားတွေထိုးတယ်။ သူတို့က အရေးကြီးတယ်လို့ ယူဆလို့ ထိုးတယ်ဖြစ်မှာပေါ့။ တစ်ခုရှိတာက လူပေါင်း ၂၀၀၀ ကျော်လောက် ထိုးထားတယ် ပြောတယ်။ ကျွန်တော်တို့ အဓိက ပြောခဲ့တာကတော့ ကာကွယ်ဆေးကို ဘာထိုးသလဲ၊ သူတို့ကတော့ ပြောတယ် ဘေးထွက်ဆိုးကျိုး မရှိဘူးလို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးတဲ့ အချက်မှာတော့ ထိုးတာက သူတို့ဘက်အခြမ်းဖြစ်လို့ ထိုးကျတာပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြောစရာ မရှိဘူး။ အဓိက ကတော့ အန္တရာယ်မဖြစ်ဖို့လိုတယ်။ ဒါမျိုးတော့ ကျွန်တော်တို့ ပြောခဲ့တယ်။ နောက်တစ်ခါ ထိုးရင်တော့ ကျွန်တော်တို့ကို အကြောင်းကြားပါလို့တော့ ပြောခဲ့တယ်။ ကျွန်တော်တို့ဘက်က လူတွေကိုထိုးရင် အသိပေး အကြောင်းကြားပြီးမှ ထိုးဖို့၊ သူတို့ ကာကွယ်ဆေးကလည်း ဘာရှိတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျ မသိရသေးတော့ မပြောနိုင်ဘူးပေါ့။ ဒီဘက်ခြမ်းမှာရှိတဲ့သူတွေကို ထိုးမယ်ဆိုရင်တော့ ကျွန်တော်တို့ ခွင့်ပြုချက်ကို ယူဖို့တော့ လိုပါတယ်” ဟု မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။
တရုတ်ကျန်းမာရေးဌာနက ကာကွယ်ဆေးများဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံ ပြည်သူများ၏ အမျိုးသားရေးနှင့် သက်ဆိုင်သော ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို မျက်ကွယ်ပြု၍ မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူများအား အသိပေးခဲ့ခြင်းမရှိဘဲ တရုတ်နိုင်ငံက သတ်မှတ်ထားသော မြန်မာနိုင်ငံသား သစ်သီးအစားထိုး ယာဉ်မောင်းများကို တရုတ်ကုန်သွယ်ရေးရုံး အစီအစဉ်ဖြင့် ဒီဇင်ဘာ ၂၇ ရက်တွင် ဝမ်တိန်မြို့ရှိ ကျန်းမာရေးဌာနသို့ ခေါ်ဆောင်ကာ မြန်မာနိုင်ငံသား ယာဉ်မောင်းများကို ကာကွယ်ဆေး ထိုးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး မန်းဝိန်းဂိတ်၌ တရုတ်နိုင်ငံက သတ်မှတ်ထားသော မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၁၈ ဦးကိုလည်း ဒီဇင်ဘာ ၂၈ ရက်က ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့သည်။
ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ အကျဉ်းသားလွှဲပြောင်းမှု၌ တရုတ်နိုင်ငံက COVID-19 ရောဂါစစ်ဆေးပြီး Negative အဖြေ ထွက်ရှိမှသာလျှင် လွှဲပြောင်းပေးနေပြီး ဒီဇင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလာသော တရုတ်နိုင်ငံသားများအား COVID-19 ရောဂါရှိ မရှိ တရုတ်နိုင်ငံက ပြန်လည်စိစစ်ရာ ငါးဦးအနက် လေးဦးမှာ COVID-19 ရောဂါ Positive ဖြစ်နေကြောင်းကို စိစစ်တွေ့ရှိရကြောင်း သိရသည်။















