မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသကြီး ငါးခုမြောက်အဖြစ် မြိတ်ကျွန်းစုခရီးစဉ် ပါဝင်လာရန် အလားအလာရှိနေပြီး Marine Tourism ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြိတ်ကျွန်းစုဒေသမှာ လှပသည့်ကျွန်းများရှိခြင်း၊ ရေအောက်ရှုခင်းများ ကြည့်ရှုနိုင်ခြင်း၊ ရှားပါးသည့် သန္တာကျောက်တန်းများ ကျန်ရှိနေသေးခြင်း၊ ဆလုံလူမျိုးများ၏ ထူးခြားသည့် လူနေမှုပုံစံများကြောင့် ကမ္ဘာလှည့်ခရီးသည်များအကြား စိတ်ဝင်စားမှု များပြားလာသည့် ခရီးစဉ် ဖြစ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ အနေထားများကြောင့် တနင်္သာရီတိုင်းဒေသကြီးရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအနေဖြင့် Marine Tourism ဖွံ့ဖြိုးရန်၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက် တိုင်းအစိုးရ၊ ခရီးသွား လုပ်ငန်းရှင်များ အသင်းများ၊ NGO များနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီမှာကတော့ Marine Tourism နဲ့ ပေါင်းစပ်ပြီး CBT ကိုဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။ ပင်လယ်အတွင်းမှာရှိတဲ့ ကျွန်းပေါ်မှာ အခြေပြု တည်ဆောက်ထားတဲ့အတွက် ကျွန်းမှာရှိတဲ့ ကျေးရွာကို အခြေပြု တည်ဆောက်ထားတဲ့အတွက် ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းဆိုပြီး သုံးနှုန်းတာပါ။ World Tourism မှာ Marine Tourism ကို သွားနေတာက ၆၀ ရာခိုင်နှုန်း ကျော်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းမှာပဲ စွဲစွဲမြဲမြဲ လုပ်နေတာပါ။ Marine Tourism အောင်မြင်ဖို့ ဖော်ဆောင်ရမယ့် အချက်တချို့ရှိသလို Marine Tourism နဲ့ ဆက်နွယ်ပြီး ကျွန်းတွေပေါ်က ကျေးရွာတွေ ဖွံ့ဖြိုးဖို့ဆိုရင် အဓိက CBT ကို ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ တနင်္သာရီတိုင်းဒေသကြီးရဲ့ ခရီးသွား လုပ်ငန်းကို ပြန်ကြည့်ရမယ်ဆိုရင် လက်ရှိအခြေအနေက မြန်မာနိုင်ငံမှာ ခရီးစဉ် ဒေသကြီး လေးခုရှိတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးဆိုပြီး ရှိနေပါတယ်။ ကျွန်တော်တို့ ဒေသကိုတော့ အလားအလာ အရှိဆုံး ခရီးစဉ်ဒေသဖြစ်တယ်။ မြိတ်ကျွန်းစုပါ။ နိုင်ငံတကာ ခရီးသွားတွေမှာလည်း ကြေညာပြီးသား ဖြစ်ပါတယ်။ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းကို ဘယ်နိုင်ငံကိုပဲသွားသွား ကျွန်တော်တို့ အသေးစိတ် ရှင်းပြပါတယ်။ ကျွန်းတွေရဲ့ အလှအပ၊ Underwater Beauty တွေကို အဓိကထားပြီး ပြသပါတယ်။ ရှင်းပြတယ်။ အတော်များများ ကြိုက်ကြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒေသမှာရှိတဲ့ Coral လိုမျိုးတွေက အရှေ့တောင်အာရှမှာတောင် ရှားပါးတဲ့နေရာတွေမျိုး ဖြစ်လာနေပြီ။ ဒါကြောင့် ကျွန်တော်တို့ ဒီအရာတွေကို ထိန်းသိမ်းပြီး သွားဖို့လည်း လိုပါတယ်။ ဒီလိုထိန်းသိမ်းဖို့အတွက် နေရာတိုင်းမှာ ဘာတွေလိုအပ်သလဲဆိုတော့ ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ထားဖို့ လိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော Marine Tourism လုပ်မယ့်နေရာ ဖြစ်တဲ့အတွက် အနာဂတ်မှာ အလားအလာ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးပြီး ခရီးသွားလုပ်ငန်း လေးခုထဲမှာ မြိတ်ကျွန်းစုက နောက်ထပ်ပါဝင်လာပြီး အနာဂတ်မှာ ငါးခုအထိ ဖြစ်လာနိုင်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားရေးမှူး ဦးညိုအေးက ပြောကြားသည်။
မြိတ်ကျွန်းစုရှိ ဒုံးညောင်မှိုင်းကျေးရွာတွင် မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်လာမည့် ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ပြီး လုံခြုံရေးပိုင်းနှင့် အခြားလိုအပ်ချက်များလည်း ရှိနေသေးကြောင်း ဒေသခံများက ဆိုသည်။
“အဓိကအချက်က လုံခြုံရေးကို ဦးစားပေးစေချင်တယ်။ ကျွန်တော်တို့က ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက ဆိုပေမယ့် ဘောင်တွေကျော်လာရင် လုပ်ပိုင်ခွင့်မရှိဘူး။ ဧည့်သည်တွေရဲ့ လုံခြုံရေးကို နိုင်ငံတော်က ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ပံံ့ပိုးကူညီပေးဖို့ အဆင်သင့်ပါပဲ။ ညောင်မှိုင်းကမ်းခြေ ဆိုတာက၂၄ နာရီစလုံး ဝင်ထွက်လို့ရတယ်။ ဒါပေမဲ့ ခရီးသွားတွေများလာရင် အမြန်ယာဉ်ကြီးတွေ ဝင်ထွက်ဆိုက်ကပ်လာမယ်။ အဲဒီအချိန်ကျရင် ကမ်းခြေကို အလွယ်တကူ ဝင်ရောက်ဆိုက်ကပ်လို့ မရတော့ဘူး။ ဒါကြောင့် ဆိပ်ခံတံတားတော့ လိုအပ်ပါတယ်” ဟု ဒုံးညောင်မှိုင်းကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးဆန်းဦးက ဆိုသည်။
ဒုံးညောင်မှိုင်းကျေးရွာတွင် နှစ်ဧကခန့်ရှိသော မြေအကျယ်အဝန်းတွင် CBT အတွက် အဆောက်အအုံအချို့ ဆောက်လုပ်ထားပြီး ဝန်ဆောင်မှုများကို ကျေးရွာမှ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“ဒီမှာ ခရီးသွားလုပ်ငန်း စတင်လာပြီဆိုရင် လုံခြုံရေးလိုအပ်မယ်။ ရွာဆိပ်ခံတံတား လိုအပ်မယ်။ ခရီးသွားတွေ ဝင်လာမယ်ဆိုရင် အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိလာမယ်။ လှေငယ်တွေနဲ့ သွားချင်တဲ့ကျွန်းတွေ သွားလို့ရအောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးပါ့မယ်။ ကျွန်းပေါ်မှာ ရွာချင်းဆက် ကျေးရွာတွေ ရှိတဲ့အတွက် စက်ဘီးစီး ခရီးစဉ်တွေမျိုးပေါ့။ တခြားလေ့လာချင်စရာတွေကို သွားချင်ရင်လည်း စီစဉ်ဆောင်ရွက်ပေးပါ့မယ်။ ဆလုံယဉ်ကျေးမှုနဲ့ ရိုးရာအကတွေ ရှိပါတယ်” ဟု ဒုံးညောင်မှိုင်း CBT လုပ်ငန်း ဘဏ္ဍာရေးမှူး ဦးဖိုးဇော်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် CBT (Community Base Tourism) များ တည်ဆောက်ရန်အတွက် ၂၀၁၇ နောက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရကို တင်ပြခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ထားဝယ်ခရိုင် စမ်းလှမ်းရွာတွင် လည်းကောင်း၊၂၀၁၉ ခုနှစ်တွင် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံးထာကျေးရွာတွင် လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မြိတ်ခရိုင်၊ ဒုံးညောင်းမှိုင်းရွာ၌ ဖွင့်မည်ဖြစ်ပြီး ကော့သောင်းခရိုင်တွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဦးညိုအေးက ဆိုသည်။
ထားဝယ်ခရိုင် တီဇစ်ကျေးရွာတွင်လည်း နေ့ချင်းပြန် CBT ဆောင်ရွက်နေပြီဖြစ်ရာ လက်ရှိအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း CBT သုံးခုနှင့် နေ့ချင်းပြန် CBT တစ်ခုကို အကောင်ထည်ဖော် ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။















