NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် AA အဖွဲ့အား NLD ပါတီ တိုက်တွန်း

NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် AA အဖွဲ့အား NLD ပါတီ တိုက်တွန်း
Published 29 December 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် AA အဖွဲ့အား NLD ပါတီ ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်တိုက်တွန်းသည်။

တောင်ကုတ်မြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အောက်တိုဘာ ၂၄ ရက်တွင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့သည် လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသောကြောင့် မိသားစုများ လွန်စွာစိုးရိမ်ပူပန်သော ကရောက်နေကြပြီး မြို့နယ်အတွင်းနေထိုင်သူများနှင့် ပြည်နယ်အတွင်းရှိ ပြည်သူများမှာလည်း ကြောက်ရွံ့စိုးရိမ်မှုတို့ဖြင့် နေထိုင်လုပ်ကိုင်စားသောက်နေရကြောင်း NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် NLD ပါတီက နိုဝင်ဘာ ၁၂ ရက်တွင် “နောင် အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဟူသော ခေါင်းစဉ်ဖြင့် သဘောထားထုတ်ပြန်၍ တိုင်းရင်းသားပါတီများသို့ စာပေးပို့ခဲ့ပြီး အဆိုပါစာနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီနှင့် အရှိုချင်းအမျိုးသားပါတီတို့မှ NLD ပါတီထံ သဘောထားပြန်ကြားခဲ့ပြီးဖြစ်ကြောင်း NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာ တည်ဆောက်ပေါ်ထွန်းရေးအတွက် အခွင့်အလမ်းအကောင်းဆုံး အချိန်အခါဖြစ်ကြောင်း NLD ပါတီက ကြေညာသည်။

AA အဖွဲ့အနေဖြင့် နိုင်ငံအတွက်တန်ဖိုးကြီးမားသည့် အခွင့်အလမ်းကောင်းတစ်ရပ်ကို လက်လွတ်ဆုံးရှုံးမခံဘဲ ၎င်းတို့ဖမ်းဆီးထားသော NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အမြန်ဆုံးလွှတ်ပေးခြင်းသည် “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” အတွက် များစွာအကျိုးဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အနူးအညွတ် တိုက်တွန်းနှိုးဆော်ကြောင်း NLD ပါတီက ကြေညာချက်ထုတ်ပြန်သည်။

Most Read

Most Recent