လူငယ်များအနေဖြင့် အင်တာနက်ကိုလူမှုကွန်ရက်နှင့် ဂိမ်းကစားရန်အတွက်သာအသုံးမပြုဘဲ အရည်အချင်းတိုးတက်ရေးအတွက် ထိရောက်စွာအသုံးချရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

လူငယ်များအနေဖြင့် အင်တာနက်ကိုလူမှုကွန်ရက်နှင့် ဂိမ်းကစားရန်အတွက်သာအသုံးမပြုဘဲ အရည်အချင်းတိုးတက်ရေးအတွက် ထိရောက်စွာအသုံးချရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
Published 29 December 2020

လူငယ်များအနေဖြင့် အင်တာနက်ကို လူမှုကွန်ရက်နှင့် ဂိမ်းကစားရန်အတွက်သာ အသုံးအပြုဘဲ အရည်အချင်းတိုးတက်ရေးအတွက်လည်း ထိရောက်စွာအသုံးချ လေ့လာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား ကိုဒီဇင်ဘာ ၂၈ ရက်တွင် Online စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်းပြောကြားသည်။

ယနေ့ခေတ်တွင် ကမ္ဘာအရပ်ရပ်က သတင်းအချက်အလက်နှင့် နည်းပညာများကို ယခင်ကထက် လွယ်ကူလျင်မြန်စွာရရှိနေခြင်းသည် အရေးပါသောအခွင့်အလမ်းတစ်ခုဖြစ်ပြီး အင်တာနက်ပေါ်တွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများ၏ သင်ကြားပို့ချမှုများကို အခမဲလေ့လာနိုင်သော Website များစွာရှိနေကာ မည်သည့် ဘာသာရပ်၊ မည်သည့် ကျွမ်းကျင်မှုကိုဖြစ်စေ ထဲထဲဝင်ဝင် လေ့လာသင်ယူနိုင်သော အခွင့်အရေးများ များစွာရှိနေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သင်ကြားပို့ချသော Website အများစုသည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချသည့်အတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အသင့်အတင့်ရှိရန် လိုအပ်ကြောင်း၊ သို့သော်လည်း အင်္ဂလိပ်ဘာသာစကားအတွက် အခမဲ့သင်တန်းများပေးသော Website များ၊ Youtube Channel များစွာ ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ လူငယ်တွေအနေနဲ့ အင်တာနက်ကို လူမှုကွန်ရက်အတွက်နဲ့ ဂိမ်းကစားဖို့အတွက်သာ သုံးတာမဟုတ်ဘဲ မိမိတို့ အရည်အချင်း တိုးတက်စေဖို့ ထိထိရောက်ရောက် အသုံးချပြီး လေ့လာကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လူငယ်များအနေဖြင့် နည်းပညာတိုးတက်မှု၏ ကောင်းကျိုးများသာမက တစ်ဖက်တွင်လည်း ဆိုးကျိုးဖြစ်သော လူမှုကွန်ရက်စာမျက်နှာများတွင် အနိုင်ကျင့်မှုများ၊ အမုန်းစကားများနှင့်လည်း ကြုံတွေ့လာနိုင်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ ဒါတွေဟာ ရေရှည်လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဓိကစိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ထိခိုက်နစ်နာမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ လူငယ်တွေအနေနဲ့ အသိ၊ သတိရှိစွာနဲ့ အချင်းချင်း ရိုင်းပင်းကူညီဖေးမခြင်း၊ ညီညွတ်မျှတခြင်းတို့ကို အထောက်အပံ့ ဖြစ်စေနိုင်တဲ့ လူမှုပတ်ဝန်းကျင် ဖော်ဆောင်ရေးကိုဦးတည်ပြီး အမုန်းတရားပြန့်ပွားစေမယ့် အတွေး၊ အခေါ်အသုံးအနှုန်း အပြောအဆိုများပ ပျောက်သွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် လူငယ်များအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်၊ လူလတ်များသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကအလုပ်အင်အားစုဖြစ်သကဲ့သို့ လူငယ်များသည် နောင်တစ်ချိန်တွင် လူလတ်ပိုင်း၊ လူကြီးပိုင်းအနေဖြင့် ပိုမိုမြင့်မားသော တာဝန်များ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Most Read

Most Recent