တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့ ဒီဇင်ဘာ ၃၀ ရက်တွင် ကချင်ပြည်နယ်သို့ စတင်သွားရောက်မည်

တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့ ဒီဇင်ဘာ ၃၀ ရက်တွင် ကချင်ပြည်နယ်သို့ စတင်သွားရောက်မည်
Published 29 December 2020
အောင်မင်းသိန်း

တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မိုးညို ဦးဆောင်သော အဖွဲ့အနေဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် ကချင်ပြည်နယ်သို့ စတင်သွားရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် (ရုံးခွဲ) တွင် ကျင်းပသည့် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးမည့် ဒေါက်တာအောင်မိုးညို ဦးဆောင်သော အဖွဲ့၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖစ်သည်။

“အရေးကြီးဆုံးဟာ တစ်ခုပဲ ပြောပါမယ်။ ကိုအောင်မိုးညိုတို့၊ ဒေါ်နန်းခင်ထွေးမြင့်တို့၊ ဦးအင်ထုံးခါးနော်ဆမ် တို့အဖွဲ့၊ ပြည်နယ်တွေ ဆင်းချင်တယ်ဆိုပြီး သူတို့က တင်ထားတာရှိတယ်။ အဲ့တာ ကျွန်တော်တို့ CEC ကနေပြီး ဆုံးဖြတ်ချက်ပေးတာပေါ့။ ပထမဆုံး ကချင်သွားပါ၊ ပြီးရင် မွန်ကိုသွားပါ။ အဲ့တော့ သွားတဲ့အခါကျတော့ ပထမဆုံး ဘာနဲ့စတွေ့ပါလဲဆိုတော့ ကျွန်တော်တို့ဘက်က ဆုံးဖြတ်ပေးတာ ပြည်နယ်အလုပ် အမှုဆောင်အဖွဲ့နဲ့ အရင်တွေ့ပါ။ အဲ့ဒီမှာ အောင်နိုင်ရေးအဖွဲ့ ပါမယ်ပေါ့။ သူတို့ရဲ့ အသံတွေကို နားထောင်ပေးပါ။ နောက်တခါ အဲ့ဒီပြည်နယ်မှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးကို တွေ့ပါ။ တွေ့ပြီးတော့မှ သူတို့ရဲ့အမြင် သဘောထားတွေကိုလည်း တောင်းပါ။ အဲ့တာတွေပြီးတော့မှ ဒေသခံ တိုင်းရင်းသား အဖွဲ့တွေနဲ့ စကားပြောပါ ဆိုပြီးတော့ ပြောထားတာပေါ့။ အဓိကကတော့ ပြည်နယ်မှာ ရှိနေတဲ့ NLD အဖွဲ့ဝင်တွေက တိုင်းရင်းသား ဒေသခံတွေအပေါ်မှာ သဘောထား ဘယ်လိုအကြောင်းအရာတွေ ပြောကြမလဲဆိုတာ သူတို့နဲ့ အရင်ဆွေးနွေးပြီးမှပဲ ကျန်တဲ့ဟာကို ဆက်လုပ်ပါဆိုပြီး ပြောပါတယ်။ အဲ့တော့ ကချင်ပြည်နယ်ကို သူတို့မနက်ဖြန် သွားပါမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ဒေါက်တာအောင်မိုးညို ဦးဆောင်သော အဖွဲ့သည် ကချင်ပြည်နယ်သို့ သွားရောက် ဆွေးနွေးပြီးချိန်တွင် မွန်ပြည်နယ်သို့ ဆက်လက် သွားရောက်မည်ဖြစ်ပြီး ရရှိလာသည့် အကြောင်းအရာများကို Report တင်မည်ဖြစ်ကြောင်း၊ ကျန်ရှိသည့် ပြည်နယ်များသို့ သွားရောက်မည့် ကိစ္စများကို CEC မှ ပြန်လည် ညွှန်ကြားသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်က “ကချင်နဲ့ မွန်နဲ့ ပြည်နယ်ထဲမှာ ပါပါတယ်၊ တစ်အချက်က။ အဲ့တော့ ထင်နေတာက ကချင်နဲ့ မွန်နဲ့ ရွေးတယ်ဆိုတာက ဒီဟာရဲ့ မေးခွန်းရဲ့ အဓိပ္ပာယ်ကို သဘောပေါက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကယားတို့ ဘာတို့ သွားမယ်ဆိုပြီးတော့ အသံထွက်နေလို့ ဒီဟာကို မေးတာပေါ့။ ဒါကတော့ ကျွန်တော်တို့ အချင်းချင်း ပြန်တိုင်ပင်ပြီးတော့ ဘယ်ကိုသွားသင့်သလဲ ဆိုတဲ့ဟာကို ဆုံးဖြတ်ကြတာပေါ့။ အဲ့တော့ ကျွန်တော်တို့က ကချင်ကို သွားသင့်တယ်ဆိုတာ ကချင်ပြည်နယ်ကလည်း အားကောင်းတယ်။ နောက်ပြီးတော့ အကူအညီပေးတဲ့ အဖွဲ့တွေကလည်း အားကောင်းတယ်ဆိုတဲ့ အခါကျတော့ ကချင်ကို အရင်သွားတာ။ ရောက်တာတော့ ကျန်တဲ့ဟာတွေ အကုန်ရောက်မှာပါ” ဟု ပြောကြားသည်။

တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်ကိစ္စများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ကိစ္စများအပေါ် မေးမြန်းမှုကို “အဲ့ဒီဟာတွေက ကျွန်တော် ပြောပြမယ်။ အခုအချိန်မှာ ကျွန်တော် ခန့်မှန်းခြေနဲ့ ဘယ်သူက ဘာတောင်းမယ်၊ ဒီဟာတောင်းမယ်၊ အခုအချိန်မှာတော့ အဲ့လိုပဲ စိတ်ကူးနဲ့ ပြောနေကြတာတွေ ရှိတာပေါ့။ ဒါတွေက သူတို့ပြောလိုက်တဲ့ အခါကျမှ ပါလာမှာ။ အဲ့ဒီကျမှ ကိုအောင်မိုးညိုတို့ကနေ ကျွန်တော်တို့က သိရမှာ။ ဘယ်ပြည်နယ်က ဘာတောင်းမယ်။ ဘယ်ပြည်နယ်က ဘာတောင်းမယ် ဆိုတာတွေပေါ့။ ဒါကလည်း ကျွန်တော်တို့ အထင်နဲ့ ပြောတာပေါ့။ ဒါက ခန့်မှန်းခြေပေါ့။ သွားပြီးတော့မှ စကားပြောပြီး နားထောင်လာပြီးတော့မှ ကျွန်တော်တို့ ဘယ်လိုများ အဖြေပေးရမလဲဆိုတာ ကျွန်တော်တို့က ဆုံးဖြတ်ပေးနိုင်မှာပေါ့” ဟု ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားခဲ့သည်။

တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များဖြစ်သော ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ် တို့အား တာဝန်ပေးထားကြောင်း သိရသည်။

Most Read

Most Recent