ပီလီ၏ဂိုးသွင်းစံချိန်ကို မက်ဆီ မချိုးဖျက်နိုင်ဟု ဆန်းတို့စ်အသင်းဆိုခဲ့ပြီး ပီလီ သွင်းယူခဲ့သည့်ဂိုးမှာ (၁၀၉၁)ဂိုးဖြစ်သည်ဟု ကြေညာ

ပီလီ၏ဂိုးသွင်းစံချိန်ကို မက်ဆီ မချိုးဖျက်နိုင်ဟု ဆန်းတို့စ်အသင်းဆိုခဲ့ပြီး ပီလီ သွင်းယူခဲ့သည့်ဂိုးမှာ (၁၀၉၁)ဂိုးဖြစ်သည်ဟု ကြေညာ
Photo : Daily Mail
Photo : Daily Mail
Published 29 December 2020

ဘရာဇီးလ်ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ ကစားခဲ့သည့် ဆန်းတို့စ်အသင်းက ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုးစံချိန်အဖြစ် မက်ဆီက ပီလီကို ကျော်ဖြတ်ခဲ့ခြင်း အပေါ် စိန်ခေါ်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး မက်ဆီသည် ပီလီ၏ ယင်းစံချိန်ကို ချိုးဖျက်ရန် ဂိုးများစွာလိုအပ်နေသေးသည်ဟု ကြေညာခဲ့သည်။

မက်ဆီသည် ကစားသမားဘဝတစ်လျှောက် ဘာစီလိုနာအသင်းအတွက် (၆၄၄)ဂိုး သွင်းယူခဲ့ရာ၊ ပီလီ သွင်းယူထားသည့် (၆၄၃)ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဂိုးသွင်းမှတ်တမ်းမှာ နိုင်ငံတကာကအသိအမှတ်ပြုထားသည့် ဂိုးသွင်းမှတ်တမ်းဖြစ်သော်လည်း ဆန်းတို့စ်အသင်းကမူ မိမိတို့အသင်းအတွက် ပီလီ သွင်းယူခဲ့သည့် ဂိုးအရေအတွက်မှာ (၁၀၉၁)ဂိုးဖြစ်သည်ဟု ကြေညာသွားခဲ့သည်။ 

ပီလီသည် ကလပ်အသင်း၏ ပြိုင်ပွဲများအပြင် ခြေစမ်းပွဲများကိုပါ ထည့်သွင်းတွက်ချက်ပါက ယင်းဂိုးအရေအတွက်ကို ရောက်ရှိခဲ့ပြီး တရားဝင်အသိအမှတ်ပြုထားသည့် (၆၄၃)ဂိုးထက် (၄၄၈) ဂိုးပိုများသေးသည်ဟုလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

''ပီလီကိုယ်တိုင်လည်း မက်ဆီကို ဂုဏ်ပြုထားပါတယ်။ မက်ဆီဟာ ပီလီလိုပဲ ကလပ်အသင်းတစ်သင်းအတွက် အချိန်အကြာကြီး၊ ဂိုးတွေအများကြီးသွင်းခဲ့တဲ့အတွက် ဂုဏ်ပြုပါ တယ်။ ဒါပေမဲ့ ဘောလုံးဘုရင်ကြီးက ဂိုး (၁၀၀၀)ကျော်ခဲ့ပါတယ်''ဟု ဆန်းတို့စ်က ကြေညာခဲ့သည်။

Most Read

Most Recent