တပ်မတော်သားများ မဲပေးခဲ့သည့်မြို့နယ်များအနက် မြို့နယ်သုံးမြို့နယ်တွင် မဲမသမာမှုဖြစ်နိုင်သည့်မဲစာရင်း လေးသောင်းကျော် တွေ့ရှိခဲ့ကြောင်း တပ်မတော်က ထပ်မံထုတ်ပြန်ထား

တပ်မတော်သားများ မဲပေးခဲ့သည့်မြို့နယ်များအနက် မြို့နယ်သုံးမြို့နယ်တွင် မဲမသမာမှုဖြစ်နိုင်သည့်မဲစာရင်း လေးသောင်းကျော် တွေ့ရှိခဲ့ကြောင်း တပ်မတော်က ထပ်မံထုတ်ပြန်ထား
Published 28 December 2020
မင်းနိုင်စိုး

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ်သုံးမြို့နယ်တွင် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း လေးသောင်းကျော် ထပ်မံတွေ့ရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၆ ရက်တွင် ထပ်မံထုတ်ပြန်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြစ်ကြီးနား၊ လယ်ဝေးနှင့် စေတုတ္တရာတို့တွင် မဲစာရင်း စိစစ်မှုများ ပြုလုပ်ခဲ့ရာ မြစ်ကြီးနားနှင့် လယ်ဝေးတို့၌ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းလေးသောင်းကျော် တွေ့ရှိခဲ့ပြီး မြစ်ကြီးနားတွင် မဲမသမာမှုဖြစ်နိုင်သည့် စာရင်း ၃၅၃၁ နှင့် လယ်ဝေးတွင် မဲမသမာမှုဖြစ်နိုင်သည့်စာရင်း ၄၃၁၄၂ ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သောမြို့နယ်များနှင့် စပ်လျဉ်း၍ တရားမဝင် Online အချက်အလက်များကို ရယူခြင်း မပြုဘဲခိုင်မာသည့် အရင်းအမြစ်များမှ ရရှိထားသည့် မဲစာရင်း (ပုံစံ-၁) PDF ဖိုင်များအား Excel ဖိုင်အဖြစ် ပြောင်းလဲကာ မဲစာရင်းစိစစ်မှုများပြုလုပ်ခဲ့ပြီး ထိုသို့စိစစ်မှုများမှ တွေ့ရှိချက်များကို ဒီဇင်ဘာ ၂၃ ရက်တွင် ပထမအကြိမ် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ထပ်မံထုတ်ပြန်မှုတွင် ရေးသားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၃၈၅၇၆ ဦးတွင် တစ်ကြိမ်ထက်ပို၍ မဲပေးပိုင်ခွင့်ရစေနိုင်သည့် ထပ်နေသောမဲစာရင်း ၇၈၄၅ ဦးပါဝင်ပြီး မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၃၅၃၁ ဦး စုစုပေါင်း ၁၁၃၇၆ ဦးရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ လယ်ဝေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၂၁၃၈၈ ဦးရှိပြီး တပ်မတော်က စိစစ်ခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၇၆၂၀ ဦးရှိကြောင်း၊ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့်ထပ်နေသော မဲစာရင်း ၅၂၅၅ ဦးရှိပြီး မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၄၃၁၄၂ ဦး စုစုပေါင်း ၄၈၃၉၇ ဦးရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စေတုတ္တရာမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၃၄၆၅၁ ဦးဖြစ်ပြီး တပ်မတော်က စိစစ်ရာတွင် ၃၄၆၀၉ ဦးဖြစ်ကာ တစ်ကြိမ်ထက် ပို၍ မဲပေးပိုင်ခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၃၃၀ ဦးဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

သို့ရာတွင် တပ်မတော်၏ ထုတ်ပြန်မှုအရ စေတုတ္တရာမြို့နယ်တွင် မဲစာရင်းနှင့်ပတ်သက်၍ ကွာဟချက်ကိန်းဂဏန်းများကို ဖော်ပြထားသော်လည်း မဲမသမာမှုဖြစ်နိုင်သည့် စာရင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။

မြစ်ကြီးနားမြို့နယ် မဲစာရင်းပုံစံ (၁) တွင် တစ်ကြိမ်ထက်ပို၍ မဲပေးပိုင်ခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းများနှင့်ပတ်သက်၍ နိုင်ကတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူသည့်မဲစာရင်း ၁၀၅၉ ဦး ရှိပြီး အကြောင်းအရာပေါင်း ၁၆ မျိုးဖြင့် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသောမဲစာရင်းစုစုပေါင်းမှာ ၇၈၄၅ ဦးရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ်တွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်သူရှစ်ဦးရှိပြီး အသက် ၁၈ နှစ် ပြည့် မပြည့်နှင့် နိုင်ငံသားဟုတ် မဟုတ်အား အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော နိုင်ငံသားကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၅၂၁ ဦးရှိကာ အသက် ၁၁၂ နှစ်အထက် နှစ်ဦးပါရှိကြောင်းလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လယ်ဝေးမြို့နယ်တွင် မဲစာရင်းပုံစံ (၁) နှင့်ပတ်သက်၍ အကြောင်းအရာပေါင်း ၁၂ မျိုးဖြင့် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းစုစုပေါင်း ၅၂၅၅ ဦးရှိပြီး မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်းတွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၈ ဦး၊ အသက် ၁၀၀ နှင့်အထက် ၁၄၇ ဦးနှင့် မဲရုံ ၉ ရုံအား စစ်ဆေးချက်အရ ရပ်ကွက်တွင်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၁၄ ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် အောင်မြေသာစံမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် မဲမသမာမှု ခုနစ်သောင်းကျော် တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent