မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်သူများအနက် တတိယအသက်အငယ်ဆုံးအဖြစ် ရပ်ရှ်ဖို့ဒ် မှတ်တမ်းဝင်

မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်သူများအနက် တတိယအသက်အငယ်ဆုံးအဖြစ် ရပ်ရှ်ဖို့ဒ် မှတ်တမ်းဝင်
Photos : AFP
Photos : AFP
Published 27 December 2020

မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် သည် မနေ့က လက်စတာအသင်းနှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဂိုး ၅၀ သွင်းယူနိုင်သူများအနက် တတိယအသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် ပွဲအစမှာပင်ရရှိသည့် အပိုင်ခေါင်းတိုက်ခွင့်ကို အသုံးမချနိုင်သော်လည်း ၂၃ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်၏ ပေးပို့မှုမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ အသက် ၂၃ နှစ် ၅၆ ရက်ရှိပြီဖြစ်သည့် ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၅၆ ပွဲကစားပြီးနောက် ဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၀ိန်းရွန်နီ (၂၂ ၁၅၇ ရက်) နှင့် စီရော်နယ်လ်ဒို (၂၂ နှစ် ၃၄၁ ရက်) တို့ပြီးလျှင် ဂိုး ၅၀ ပြည့်သူများအနက် တတိယမြောက် အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးမှာ ရပ်ရှ်ဖို့ဒ်အတွက် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြောက်ဂိုးမြောက်နှင့် ပြိုင်ပွဲစုံတွင် ၁၃ ဂိုးမြောက် သွင်းဂိုးဖြစ်သည်။

မန်ယူအသင်းသည် ၂၃ မိနစ်တွင် ရပ်ရှ်ဖို့ဒ်၊ ၇၉ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်တို့သွင်းယူသည့်ဂိုးများဖြင့် နှစ်ကြိမ်တိုင် ဦးဆောင်ခွင့်ရသော်လည်း ၃၁ မိနစ်တွင် ဟာဗေးဘန်းစ်၊ ၈၅ မိနစ်တွင် တွမ်ဇီဘီ၏ Own Goal ပြန်လည်ခွင့်ပြုရသဖြင့် နှစ်ဂိုးစီသရေကျခဲ့ခြင်း ဖြစ်သည်။ 

သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဝေးကွင်း ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲရသည့်စံချိန်ကို အမီလိုက်နိုင်မည့်အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ယင်းပွဲတွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးခဲ့သည့် ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်း၏ သွင်းဂိုးများတွင် ပါဝင်ပတ်သက်မှု ဂိုး ၃၀ အထိရှိလာပြီး ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးထားကြောင်း သိရသည်။

Most Read

Most Recent