ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 24 December 2020
အိသဉ္ဇာကျော်

COVID-19  ရောဂါကိုဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ ဗီဇပြောင်းလဲမှုသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က ယင်းနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဗီဇပြောင်း COVID-19 ပိုးအသစ်သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် နှစ်ဆနီးပါး ကူးစက်ပျံ့နှံ့လွယ်ကြောင်းသိရှိရ၍ ၎င်းဗီဇပြောင်းပိုးနှင့် ပတ်သက်၍လည်းကောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးရရှိရန် မည်သို့ဆောင်ရွက်နေသည်ကိုလည်းကောင်း သိရှိနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် Daily Eleven သတင်းစာတို့ ဆက်သွယ်မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

“COVAX အဖွဲ့က ၂၀ ရာခိုင်နှုန်း အလကားရမယ်။ နောက်ထပ်၂၀ ရာခိုင်နှုန်းက ဝယ်မယ်။ နောက်နိုင်ငံချင်း ချိတ်ဆက်ပြီးဝယ်ယူဖို့ လုပ်ထားတာတွေလည်းရှိတယ် . . ”

မေး လက်ရှိ အင်္ဂလန်နိုင်ငံတွင် ဖြစ်ပွားနေတဲ့ ကူးစက်မြန် ဗီဇပြောင်း COVID-19 ပိုးအသစ်နဲ့ပတ်သက်ပြီး ဦးဆုံးရှင်းပြပေးပါ။

ဖြေ အခု အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာတွေ့ရတဲ့ ဗီဇပြောင်းပိုးကတော့ သူက နဂို SARS-CoV-2 ထက်စာရင် Spike Protein လို့ခေါ်တဲ့ သူ့ရဲ့အပေါ်လွှာ Protein အချွန်အတက်နေရာမှာရှိတဲ့ Protein တစ်ခု အပြောင်းအလဲဖြစ်တာဖြစ်ပါတယ်။ အဲဒါကို ကျွန်မတို့က N501Y လို့ခေါ်ပါတယ်။ ဖြစ်တဲ့နေရာက N501Y။ ပြောင်းတဲ့ပိုးကိုကျတော့ ကျွန်မတို့က VUI-202012/01 လို့ခေါ်ပါတယ်။ အဲဒီမှာ တခြားသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးထက် ပိုပြီးကူးစက်ပျံ့နှံ့ လွယ်တာဖြစ်ပါတယ်။ ဒီနေရာမှာ COVID-19 သည် ရောဂါဖြစ်ပါတယ်။ COVID-19 ကိုဖြစ်စေတဲ့ ရောဂါပိုးသည် SARS-CoV-2 ဖြစ်ပါတယ်။ SARS-CoV-2 ဗိုင်းရပ်စ်မှာဖြစ်တဲ့ မျိုးရိုးဗီဇကွဲတစ်ခုဖြစ်ပါတယ်။ သူက ဒီဗိုင်းရပ်စ်ကြောင့်ဆိုရင် သူက ပိုမိုကူးစက်ပျံ့နှံ့လွယ်တာကို တွေ့ရတယ်။ ဘယ်လောက်အထိ ကူးစက်ပျံ့နှံ့ဖို့လွယ်သလဲဆိုရင် ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်ပျံ့နှံ့ဖို့လွယ်တယ်လို့ ပြောပါတယ်။ ဒီနေရာမှာ ရာခိုင်နှုန်း ၅၀ ကနေ ၇၀ နှုန်းသည် အဆ ၅၀ ကနေ အဆ ၇၀ မဟုတ်ဘူးဆိုတာကို တိတိကျကျ သိစေချင်ပါတယ်။ ဒါက လူတွေမှားယွင်းပြီးတော့ ထင်မြင်ယူဆနေလို့ဖြစ်ပါတယ်။ အဆနဲ့ပြောရင် နဂိုထက် ၁ ဒသမ ၅ ဆ၊ ၁ ဒသ မ ၇ ဆပိုပြီး ကူးစက်မှုမြန်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒီလို ကူးစက်မြန်တယ်ဆိုတာကလည်း ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲဝင်လာလို့ရှိရင် ကျွန်မတို့ဆီမှာ တံခါးပေါက်ရှိပါတယ်။ အဲဒီ တံခါးပေါက်ထဲက လက်ခံကောင် ACE2 က ကလေးတွေနဲ့ လူကြီးတွေနဲ့နှိုင်းစာရင် ကလေးတွေမှာ ACE2 နည်းပါတယ်။ နည်းတဲ့အတွက် ကလေးတွေမှာ ပုံမှန်အားဖြင့် ရောဂါပိုးကူးစက်မှုလည်း နည်းသလို ရောဂါပိုးကြောင့်ဖြစ်တဲ့ ဆိုးဆိုးဝါးဝါးဒဏ်ကိုလည်း ခံစားရမှုကလည်း နည်းပါတယ်။ သို့သော် အခုဗိုင်းရပ်စ်မျိုးကွဲအသစ်ကတော့ ဒီ ACE2 ဝင်ပေါက်ကို ပိုပြီးချောမွေ့ပြီး ချောချောမွေ့မွေ့နဲ့ ဝင်လို့ရအောင် မြန်မြန်ဆန်ဆန် ဝင်လို့ရအောင် သူက လုပ်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာ သိရပါတယ်။ ဒါကြောင့်မို့ ကူးစက်မှုက မြန်တာဖြစ်ပါတယ်။ ရောဂါပိုးက ပိုပြီးတော့ဆိုးလာသလား။ ဒါမှမဟုတ်လည်း သေဆုံးမှုအနေနဲ့ရော ဘယ်လိုဖြစ်စေနိုင်သလဲ စသဖြင့် ရောဂါဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆိုတဲ့ အထောက်အထားတွေကတော့ အခုထက်ထိ မတွေ့ရှိရသေးပါဘူး။ ဒါကတော့ ပညာရှင်တွေ ရှာဖွေနေတုန်းဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရတယ်။

မေး အခု ဗီဇပြောင်း COVID-19 ပိုးအသစ်က  ကလေးတွေမှာ ပိုပြီးကူးစက်မှုများတယ်လို့ ပြောနေတာ တွေရှိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးပါ။

ဖြေ အရင်တုန်းက ကလေးတွေမှာဆို ရောဂါဖြစ်ပွားမှုမရှိတဲ့အတွက်ကြောင့် ကာကွယ်ဆေးကိုလေ့လာရင် ကာကွယ်ဆေးထုတ်လုပ်တဲ့အခါမှာ ကလေးတွေဟာ ကျွန်မတို့ရဲ့ Target Group မဟုတ်တဲ့အတွက် ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့အတွက် ဆောင်ရွက်ထားတာမဟုတ်ပါဘူး။ ကာကွယ်ဆေးသည် အမြန်ဆုံး ပြည်သူလူထုဆီရောက်ရှိအောင် အမြန်ဆုံးဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သူ့ရဲ့ Clinical Phase I,II,III လုပ်တဲ့အခါမှာလည်း ကလေးတွေရယ် ကိုယ်ဝန်ဆောင်တွေရယ်မှာ လုပ်ဆောင်မှုမှာပါဝင်တဲ့ စေတနာ့ဝန်ထမ်းအရေအတွက်က အလွန်နည်းပါတယ်။ မရှိသလောက်ဖြစ်ပါတယ်။ အရေအတွက် နည်းတဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးက ကလေးတွေမှာ ထိုးရင်၊ ကိုယ်ဝန်ဆောင်တွေမှာထိုးရင် ဘယ်လောက်အထိ စိတ်ချရသလဲ။ အထူးသဖြင့် ကလေးတွေပေါ့နော်။ ကာကွယ်ဆေးရဲ့ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုကို မသိပါဘူး။ မသိတဲ့အတွက် Pfizer Vaccine ဆိုရင် ၁၆ နှစ် နဲ့အထက်ပဲ ထိုးရမယ်။ Moderna Vaccine ဆိုရင် ၁၈ နှစ်နဲ့အထက် ထိုးရမယ်ဆိုပြီး ဒီလိုမျိုး တိတိကျကျသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာကွယ်ဆေးတွေက ကလေးတွေမှာ စမ်းသပ်ထားခြင်း မရှိသေးလို့ပါပဲ။ အခု အင်္ဂလန်မှာတွေ့တဲ့ ဗီဇပြောင်းပိုးက ကလေးတွေမှာ ပိုပြီးကူးစက်မှုတွေ ဖြစ်နိုင်တယ်ဆိုပြီး ပြောနေတဲ့ဟာကတော့ သတိထားရမယ့်အချက်ဖြစ်ပါတယ်။ ကလေးတွေက COVID ကူးစက်နိုင်တယ်ဆိုတာ အရင်နှိုင်းယှဉ်တဲ့ SARS-CoV-2 အရင်ဗိုင်းရပ်စ်နဲ့နှိုင်းယှဉ်ပြီးတော့ ပြောထားတာဖြစ်ပါတယ်။ ဒီနေရာမှာ ကလေးတွေဟာ ကူးစက်မှုမြန်တယ်ဆိုတာ လူကြီးတွေထက် ပိုပြီးတော့ ကူးစက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း မယူဆစေချင်ပါဘူး။ နဂိုက ကလေးတွေမှာ ကူးစက်မှုက သိပ်မရှိတဲ့အခြေအနေကနေ ဒီပိုးက ကူးစက်မှုပိုရှိလာတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါလေးကိုလည်း သိစေချင်ပါတယ်။ ဒီနေရာမှာ ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနကတော့ မြန်မာနိုင်ငံမှာပျံ့နှံ့နေတဲ့ SARS-CoV-2 ရဲ့ ဗိုင်းရပ်စ်မျိုးဗီဇတစ်ခုလုံးကို သုတေသနပြုမှုကို ပြီးခဲ့တဲ့သုံးလလောက်က ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့အတွက် အခု မြန်မာနိုင်ငံမှာ လက်ရှိရခိုင်မှာစဖြစ်တဲ့ ရောဂါပိုးကဆိုရင် D614G ဖြစ်တယ်ဆိုတာကိုလည်း သုတေသနပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ လက်ရှိကူးစက်ဖြစ်ပွားနေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ နောက်ထပ်ပိုး မျိုးဗီဇတစ်ခုလုံးကိုလည်း ဆေးသုတေသနက ဆက်လက်စစ်ဆေးလေ့လာသွားမှာ ဖြစ်ပါတယ်။ ဒီလိုလေ့လာတဲ့အခါမှာ မန္တလေးတိုင်းဆို ဘာကြောင့်ကူးစက်မှုတွေ အဖြစ်များနေသလဲ။ ရန်ကုန်မှာ ဘာကြောင့်ဖြစ်နေသလဲ။ နောက် ပဲခူး၊ ဧရာဝတီ စသဖြင့် တိုင်းနဲ့ပြည်နယ်တွေကနေပြီးတော့ ဓာတ်ခွဲနမူနာတွေရယူပြီးတော့ ဒါတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အခုလို လျင်မြန်စွာကူးစက်စေနိုင်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေကို တွေ့ရှိနေရလို့ ပြည်သူလူထုအနေနဲ့ COVID-19 ကာကွယ်ရေးနည်းလမ်းတွေကို အခုထက်ပိုပြီး တိတိကျကျလိုက်နာကြဖို့ လိုအပ်ပါတယ်ဆိုပြီး ဒီဇင်ဘာ ၂၁ ရက်က ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နောက် မနေ့ကပဲ နေထိုင်မှုပုံစံအသစ်တွေနဲ့ ဆောင်ရွက်ကြစို့ဆိုတဲ့ ကိစ္စကလည်း ဒါရဲ့အဆက်ဖြစ်ပါတယ်။ ပြောချင်တာကတော့ COVID-19 ရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တယ်။ ရောဂါမပြဘဲနဲ့ ကူးစက်ခံရတဲ့ သူတွေက ရှိနေတယ်။ ကျွန်မတို့ ပိုးတွေ့လူနာတွေထဲမှာတောင်မှ ၆၃ ရာခိုင်နှုန်းက ရောဂါလက္ခဏာ မပြဘူး။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းလဲမှုတွေကလည်း ရှိနေလို့ ဒါက ရာသီတုပ်ကွေးလိုပဲ နောက်ထပ်ဆက်ပြီး ရှိနေမလားဆိုပြီး ပညာရှင်တွေလည်း သုံးသပ်ထားတာရှိပါတယ်။

မေး တခြားနိုင်ငံတွေမှာ COVID-19 ကာကွယ်ဆေးကို စပြီးထိုးနှံနေကြပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကာကွယ်ဆေးထိုးနှံပေးဖို့ Target Group တွေခွဲပြီး ဆောင်ရွက်နေတယ်လို့ သိရတဲ့အတွက် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကိုလည်း ပြောပြပေးပါ။ 

ဖြေ COVID-19 ကာကွယ်ဆေးက လက်ရှိမှာတော့ ပေါ်ထွက်လာပြီ။ ဒီနေရာမှာ COVID-19 ကာကွယ်ဆေးတွေက အမျိုးအစားအားဖြင့် အဓိက လေးမျိုးရှိတယ်။ အခုပေါ်လာတဲ့ ကာကွယ်ဆေးက အမေရိကား FDA ကနေပြီးတော့ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးသည် mRNA ကာကွယ်ဆေး ဖြစ်ပါတယ်။ mRNA ကာကွယ်ဆေးသည် အားလုံးသိတဲ့အတိုင်းပဲ ကာကွယ်ဆေးသမိုင်းမှာ တစ်ခါမှမပေါ်ဖူးသေးသော ကာကွယ်ဆေးဖြစ်ပါတယ်။ အန္တရာယ်ကင်းမှု အနေနဲ့ကတော့ တော်တော်လေးအန္တရာယ် ကင်းပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး အအေးလမ်းကြောင်းကတော့ အလွန်အေးတဲ့ အအေးခန်းထဲမှာ သိုလှောင်ထားရတာဖြစ်တဲ့အတွက်ကြောင့် အားလုံးအတွက် နိုင်ငံတော်တော်များများ အတွက်ကတော့ အခက်အခဲတွေရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးသုံးခုကတော့ သုံးလို့ရနိုင်တဲ့ အခြေအနေဖြစ်သွားပြီပေါ့နော်။ ဒီနေရာမှာ ကျွန်မတို့နိုင်ငံက ဘယ်လိုကာကွယ်ဆေးကို သုံးမလဲဆိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးကို သုံးမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့ အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး တစ်ခုမှ မရှိသေးပါဘူး။ နောက်သက်ဆိုင်ရာ ထုတ်လုပ်တဲ့နိုင်ငံကနေ FDA အသိအမှတ်ပြုလက်မှတ်ရ တယ်။ FDA က ခွင့်ပြုချက်ရတယ်။ သက်ဆိုင်ရာ နိုင်ငံတွေကနေပြီးတော့ အသိအမှတ်ပြုရထားတယ် ဒါမျိုးတွေဆိုရင်လည်း သုံးမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သက်ဆိုင်ရာ Vaccine ထုတ်လုပ်တဲ့နိုင်ငံကနေပြီးတော့ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ဟာမျိုးတွေဆိုလည်း သုံးမှာဖြစ်ပါတယ်။ အခုဆို ကာကွယ်ဆေးတွေက ထိုးနေပြီ။ Pfizer ဆိုလည်း ထိုးနေပြီ။ Moderna Vaccine ဆိုလည်း ပြီးခဲ့တဲ့ရက်က အသိအမှတ်ပြုလိုက်တဲ့အခါကျတော့ ထိုးနှံဖို့အတွက် လုပ်နေတယ်။ ဒီကာကွယ်ဆေးတွေ ထိုးနှံပြီဆိုရင် သူတို့တွေက ဘယ်လောက်အထိ ထိရောက်သလဲ။ တကယ်ထိုးနှံတဲ့အခါမှာ  ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲဖြစ်ရပ်တွေ ဘာတွေရှိနေနိုင်သလဲ စသဖြင့် ဒါတွေကို ပညာရှင်တွေလည်း လေ့လာနေတယ်။ ကျွန်မတို့လည်း စဉ်ဆက်မပြတ် စောင့်ကြည့်နေတယ်ပေါ့နော်။ ကျွန်မတို့ နိုင်ငံအနေနဲ့ COVAX အဖွဲ့က ၂၀ ရာခိုင်နှုန်း အလကားရမယ်။ နောက်ထပ် ၂၀ ရာခိုင်နှုန်းက ဝယ်မယ်။ နောက် နိုင်ငံချင်းချိတ်ဆက်ပြီး ဝယ်ယူဖို့ လုပ်ထားတာတွေလည်း ရှိတယ်။ ဒါ့အပြင် ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကိုလည်း  လုံခြုံစိတ်ချရတဲ့ အာနိသင်ပြည့်ဝတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံဖို့လည်း ခွင့်ပြုမယ်။ ဒါတွေကိုလည်း မကြာခင်အချိန်အတွင်းမှာ ဆောင်ရွက်ဖို့တွေလည်းရှိပါတယ်။ တစ်နိုင်ငံလုံးမှာဆိုရင် Target Group က အသက် ၁၈ နှစ်အထက်က ၆၇ ရာခိုင်နှုန်းရှိပါတယ်။ အသက် ၁၈ နှစ်အောက်ကတော့ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ ၃၃ ကိုဖယ်လိုက်ရင် ၆၇ ရာခိုင်နှုန်းက အဆင်ပြေပြေလေးနဲ့ ထိုးနှံနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဓိက ကာကွယ်ဆေးရမယ့် လူအုပ်စုသည် ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကျန်းမာမှ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာပါ။ နောက်ကျန်းမာရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့သူတွေ ဒါတွေကတော့ ပထမဦးစားပေးဖြစ်ပါတယ်။ ဒုတိယဦးစားပေးကတော့ သက်ကြီးရွယ်အိုတွေပါ။ ဘိုးဘွားရိပ်သာလိုနေရာမျိုးတွေ၊ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေမှာရှိတဲ့ ဘိုးဘွားတွေကို စထိုးပေးမှာပါ။

မေး အခု ဗီဇပြောင်း COVID-19 ပိုးအသစ်က ထပ်ပေါ်လာတယ်။ လက်ရှိမှာလည်း ကာကွယ်ဆေးတွေကို စပြီးထိုးနှံနေကြပြီဆိုတော့ ဒီပိုးအသစ်က ကာကွယ်ဆေးတွေရဲ့ အာနိသင်အပေါ်မှာ ထိခိုက်မှုရှိနိုင်ပါသလား။

ဖြေ ဒါနဲ့ပတ်သက်ရင် အခုပြောင်းတဲ့ဟာတွေက ဘာနဲ့တူသလဲဆိုရင် ရုပ်ပြောင်းရုပ်လွှဲလုပ်တဲ့အခါမှာ ဒီမျက်နှာတစ်ခုကနေ နောက်မျက်နှာတစ်ခုလုံးကို ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပလပ်စတစ်ဆာဂျရီ လုပ်သလို နှာခေါင်းလေး နည်းနည်းပြင်လိုက်တယ်။ နှုတ်ခမ်းလေးတွေကို နည်းနည်းပြင်တယ်။ မျက်ခုံးလေးပြင်တယ် စသဖြင့် ဒီလိုပုံစံမျိုးပါပဲ။ မမှတ်မိလိုက်နိုင်အောင် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးရဲ့ ပြောင်းလဲသွားမှုသည် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့အပေါ်ခွံ Spike Protein ရဲ့နေရာတစ်နေရာမှာ ပြောင်းလဲတာဖြစ်တဲ့ အတွက်ကြောင့် အထူးအကြီးအကျယ် အများကြီးပြောင်းလဲတာ မဟုတ်တဲ့အတွက် ကာကွယ်ဆေးရဲ့ ထိရောက်မှုကိုတော့ ဘာမှအကြီးအကျယ်ပြောင်းလဲစရာတော့ မရှိပါဘူး။ သို့သော် အများကြီးပြောင်းလဲရင်တော့လည်း ဆက်ပြီးတော့ လေ့လာရဦးမှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရမှာတော့ အခုပြောင်းလဲမှုသည် ကာကွယ်ဆေးကို မထိခိုက်ပါဘူး။

မေး ဗီဇပြောင်း VUI ပိုးက SARS-CoV-2 ဗိုင်းရပ်စ်ပိုးထက် နှစ်ဆနီးပါး ကူးစက်ပြန့်နှံ့လွယ်တဲ့အတွက်  ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာ ရှိပါသလား။ အခြားဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောပြပေးပါ။

ဖြေ လက်ရှိအနေအထားအရဆိုရင် ဗီဇပြောင်းတယ်ဆိုတာကအရင် D614G တုန်းကဆိုရင် ဥရောပနိုင်ငံတွေမှာ ဖေဖော်ဝါရီလကုန်လောက်ကတည်းက စဖြစ်နေတယ် ဆိုပြီးတော့ ပြောကြတယ်။ ဒါကြောင့် ဥရောပမှာဆိုရင် ဖြစ်ပွားမှုတွေက အဲဒီအချိန်မှာ တစ်ရှိန်ထိုး တက်လာတယ်။ အဲဒီကနေတစ်ဆင့် ပျံ့ပျံ့လာတာ။ ဒါဆိုရင် ဗိုင်းရပ်စ်က  အင်္ဂလန်မှာရှိတဲ့ပိုးကပဲ မျိုးကွဲဖြစ်တာလား။ ဒီလိုလည်း ပြောလို့မရပါဘူး။ အင်္ဂလန်မှာ ဖြစ်ပွားမှုက အစုလိုက် အပြုံလိုက်ဖြစ်တယ်။ ၁၁၀၈ ယောက်ဖြစ်တယ်။ ဒီလိုဖြစ်တာကို သတိပြုမိရင်း သူတို့တွေအနေနဲ့ ဖော်ထုတ်နိုင်လို့သာ ဒီဗီဇပြောင်း VUI ပဲဆိုပြီးတော့ သိသွားတာဖြစ်ပါတယ်။ ဒါဆိုရင် တစ်ကမ္ဘာလုံးက ကျန်တဲ့နေရာတွေမှာရော ပြောင်းလဲမှုတွေ မရှိနိုင်ဘူးလားဆို ရှိနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ နိုင်ငံကလည်းပဲ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ရှိနေနိုင်ပါတယ်။ ဒါကတော့ အခု ဆေးသုတေသနဦးစီးဌာနကနေပြီးတော့ ဒါနဲ့ပတ်သက်လို့ သူ့ရဲ့ Whole Genome Sequence တွေကို ဆက်လက်လေ့လာမှုတွေ လုပ်နေပါတယ်။ သုတေသနတွေကတော့ အမြဲတမ်းလုပ်နေရမှာပါ။ ပုံမှန်အားဖြင့်လည်း လုပ်နေရမှာ ဖြစ်ပါတယ်။ ရခိုင်မှာ ရောဂါဖြစ်တာတွေ များလာတုန်းက ရခိုင်မှာရှိတဲ့ ဓာတ်ခွဲနမူနာတွေရယ် ဖိလစ်ပိုင်က ဓာတ်ခွဲနမူနာတွေရယ်ကို သုတေသနလုပ်တယ်။ ဟုတ်တယ် ဒါတွေအားလုံးမှာ မျိုးဗီဇပြောင်းလဲမှုတွေ D614G ဖြစ်နေတယ်ဆိုတာကို သိခဲ့ရတယ်။ အဲဒီလို သိခဲ့တဲ့အတွက် ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ပိုပြီးအသိပေးနိုင်တယ်။ သတိပေးနိုင်တယ်။ ပြင်ဆင်စရာရှိတာတွေလည်း ပြင်ဆင်နိုင်ခဲ့တယ်။ နောက်တစ်ချက်ကတော့ ပိုးရဲ့မျိုးရိုးဗီဇပေါ်မူတည်ပြီး ဗိုင်းရပ်စ်ပိုးက ဘယ်နေရာမှာ ပိုပြီးတော့ဖြစ်နိုင်သလဲ။ ဒီလိုမျိုးတွေတော့ သိနိုင်တယ်။ အခုနောက်ပိုင်း သုတေသနပြုချက်တွေအရဆိုရင် USA မှာရယ်၊ အင်္ဂလန်မှာ COVID-19 ဖြစ်ပွားမှုတွေရဲ့ ၉၅ ရာခိုင်နှုန်း၊ ၈၀ ကျော်ကျော်က D614G ကြောင့်ဖြစ်တယ်ဆိုတာကို သုတေသနပြုချက်တွေ ထွက်လာတယ်။ ဒါဟာ အခုဗိုင်းရပ်စ်ပိုးက တဖြည်းဖြည်းနဲ့ ဗီဇပြောင်းသွားတော့ နဂိုမူရင်း ဗိုင်းရပ်စ်ဖြစ်ပွားမှုက အလွန်နည်းပြီးတော့ ပြောင်းလဲလာတဲ့ D614G ပဲဖြစ်တယ်ဆိုတာကို သိရတယ်။ ဒါဟာ မျိုးရိုးဗီဇကို ဆက်လက်လေ့လာတဲ့ ရည်ရွယ်ချက်ထဲမှာလည်း ပါပါတယ်။ နောက်တစ်ချက်က ကူးစက်မှုမြန်တယ်။ ၁ ဒသမ ၅ ဆကနေ ၁ ဒသမ ၇ ဆ မြန်တယ်ဆိုတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ပိုပြီးသတိထားဖို့လိုပါတယ်။ ကနဦး တွေ့ရှိချက်တွေအရ ကလေးတွေမှာ အရင်တုန်းက သိပ်မဖြစ်ဘူး။ ကျွန်မတို့နိုင်ငံမှာဆိုရင် ကလေးတွေမှာ ဖြစ်ပွားမှုနည်းတယ်။ အသက် ၁၅ နှစ်အောက် သေဆုံးမှုဆိုရင် သေဆုံးသူပေါင်း ၂၄၀၀ ကျော်ရှိတဲ့အထဲမှာ ကိုးယောက်ပဲရှိတယ်။ သေဆုံးမှုက အလွန်နည်းတယ်။ အဲဒီမှာမှ ငါးနှစ်အောက်ဆို သုံးဦးသေတယ် ။ ငါးနှစ်နဲ့ ၁၅ နှစ်ကြားဆိုရင် ခြောက်ဦးသေတယ်။ ကိုယ်ဝန်ဆောင်ဆိုရင် တစ်ဦးပဲ ရှိတယ်။ ကိုယ်ဝန်ဆောင်တွေ ကလေးတွေမှာဆိုရင် ဖြစ်ပွားမှု၊ သေဆုံးမှုက အလွန်နည်းတယ်ပေါ့။ ဗိုင်းရပ်စ်မျိုးကွဲကို နောက်ထပ်လေ့လာရတဲ့ အကြောင်းကတော့ ကလေးတွေမှာ ဖြစ်ပွားမှုတွေ ပိုပြီးတွေ့လာရတယ်ဆိုတဲ့အတွက် ပိုပြီးတော့ ကလေးတွေကို စောင့်ကြပ်ကြည့်ရှုဖို့လိုပါတယ်။ ဒီနေရာမှာ CDC ကနေပြီးတော့ သုတေသနပြုချက်တွေ အမြဲတမ်း ထွက်ပါတယ်။ အဲဒီမှာ ကလေးတွေဆီကနေ လူကြီးတွေဆီကို ရောဂါကူးစက်မှုက အင်မတန်ရှားတယ်။ လူကြီးကနေပြီးတော့ပဲ ကလေးတွေဆီကို ရောဂါကူးစက်စေတာဖြစ်တယ်။ ဘယ်လိုအခါမျိုးမှာ ကလေးတွေကို ရောဂါကူးစက်စေနိုင်သလဲဆိုရင် လူကြီးတွေက ကလေးတွေကို ပါတီပွဲတွေခေါ်သွားတာ၊ မင်္ဂလာဆောင်တွေ ခေါ်သွားတာ ဒီလို လူစုလူဝေးရှိတဲ့နေရာတွေကို ခေါ်သွားတာ အန္တရာယ်ရှိတဲ့ အထိအတွေ့နဲ့ ကလေးတွေကို ထိတွေ့မှသာ ကူးစက်မှုတွေ ဖြစ်လာတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ မူလတန်းကျောင်းတွေ၊ မူကြိုတွေမှာ ရောဂါဖြစ်ပွားတယ်ဆိုတာ မရှိသလောက်ဖြစ်တယ်ဆိုတာ သုတေသနစာတမ်းတချို့လည်း ပြီးခဲ့တဲ့ သုံးရက်ကမှ ထွက်ထားတာရှိပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးတွေကို အန္တရာယ်ရှိစေနိုင်တဲ့ နေရာတွေကို မခေါ်သွားဖို့ လိုပါတယ်။ အဓိက ဗိုင်းရပ်စ်က မျိုးကွဲပေါင်း ၄၀၀၀ ကျော်ရှိနေပါတယ်။ အခုကတော့ D614G ကတော့ အများစုဖြစ်နေတဲ့ အမျိုးအစားဖြစ်ပါတယ်။ အခု VUI ကလည်း ဂရုစိုက်ရမယ့် အနေအထားဖြစ်ပါတယ်။ ဘယ်လိုပင် ဗိုင်းရပ်စ်မျိုးကွဲတွေရှိပါစေ ကျွန်မတို့ အနေနဲ့ လက်ရယ်၊ မျက်နှာရယ်၊ အကွာအဝေးရယ် ဒီသုံးခုကို ထိန်းသိမ်းထားနိုင်ရင် ရပါတယ်။ လက်ကတော့ လက်ဆေးမယ်။ လက်ကို ဆပ်ပြာနဲ့ ဒါမှမဟုတ် ရေမလို လက်သန့်ဆေးရည်သုံးမယ်။ နောက် မျက်နှာမှာရှိတဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေဆိုတာက ရောဂါပိုးတွေ ဝင်ရောက်နိုင်တဲ့ အပေါက်သုံးပေါက်ဖြစ်ပါတယ်။ ဒီအပေါက်သုံးပေါက်ကို ကျွန်မတို့က ပိတ်ထားမယ်ဆိုရင် ရောဂါပိုးက ဘယ်လိုလုပ်ဝင်လာတော့မလဲ။ ရောဂါပိုးက သွေးကနေလည်း ကူးတာမျိုးမဟုတ်ဘူး။ တခြား အစားအသောက်ကနေလည်း ကူးတာမျိုးမဟုတ်တဲ့အတွက် ဒီနှာခေါင်း၊ မျက်လုံး၊ ပါးစပ် ဒီသုံးခုကို ပိတ်ဖို့အတွက်က Mask နဲ့ Face Shield နဲ့ပိတ်ထားရင် ဘယ်ဝင်လို့ရတော့မလဲ။ တတိယကတော့ အကွာအဝေးပေါ့။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေခြားပြီးနေမယ်။ ဝေးဝေး နေမယ်ဆိုရင် ရောဂါပိုးက ကူးချင်ရင်တောင် ကူးလို့မရနိုင်ပါဘူး။                   

Most Read

Most Recent