တနင်္သာရီတိုင်းဒေသကြီး မြင်းခွာအော်အနီးတွင် သောင်တင်ပြီး တိမ်းစောင်းနေသည့် ငါးဖမ်းလှေမှ ရေလုပ်သား ကိုးဦးကို တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ကမ်းခြေစောင့် တိုက်ရေယာဉ်က သွားရောက် ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှ ကျော်ကျော်လင်းအမည်ရှိ ကင်းမွန်မီးထွန်းလှေ တစ်စင်းမှာ ဒီဇင်ဘာ ၂၁ ရက်က ငါးဖမ်းကွက်သို့ ထွက်ခွာလာရာ ဇာဒက်ကြီးကျွန်း အရှေ့ဘက်သို့ အရောက်တွင် ရာသီဥတု ဆိုးရွားမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ လေတိုက်နှုန်းပြင်းလာပြီး လှိုင်းကြီးလာသည့်အတွက် လှိုင်းခိုလှုံရန် မြင်းခွာအော်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားရာမှ လှေမှာ သောင်တင်ကာ တိမ်းစောင်းသွားကြောင်း သိရသည်။
“လှေက သောင်တင် တိမ်းစောင်းသွားပြီး ရေတွေဝင်လာနေပြီ။ ဇာဒက်ကြီးကျွန်း အရှေ့ဘက်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်း ချက်ချင်းဆောင်ရွက် ပေးခဲ့တယ်။ လှေပေါ်မှာပါလာတဲ့ ရေလုပ်သား ကိုးဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်။ လှေကိုလည်း ပြန်ဆယ်ပေးခဲ့ပါတယ်” ဟု တပ်မတော် (ရေ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ငါးဖမ်းလှေ သောင်တင်နေကြောင်း သိရသည့်အတွက် ဇာဒက်ကြီးကျွန်း အရှေ့ဘက် ရေပြင်တွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ကမ်းခြေစောင့် တိုက်ရေယာဉ် ၄၂၄ မှ တပ်မတော်သားများက သွားရောက်ကယ်ဆယ် ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေလုပ်သားများအား ကယ်ဆယ်ပေးနိုင်ခဲ့သည့်အပြင် ရေဝင်တိမ်းစောင်းနေသောလှေအား ရေပေါ်သို့ ပြန်လည်ပေါ်နိုင်ရန် အတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကော့သောင်းမြို့ရှိ လှေပိုင်ရှင်နှင့် ဆက်သွယ်ပေးကာ လှေအား ပြန်လည်သယ်ယူနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။















