လားရှိုးသို့ လေကြောင်းခရီးစဉ်ဖြင့် လာမည့်သူများသည် လားရှိုးမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သတ်မှတ်ထားသည့် ဟိုတယ်များတွင် Hotel Quarantine ခုနစ်ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းခရီးစဉ်ဖြင့် လားရှိုးလေဆိပ်သို့ ရောက်ရှိလာကြသူများအား ပရဟိတယာဉ်များဖြင့် သတ်မှတ်ဟိုတယ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး Hotel Quarantine ဝင်ရောက်နေစဉ်တွင် COVID-19 ရောဂါပိုးကင်းရှင်းကြောင်း ဆေးစစ်ချက် ထပ်မံယူမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်ကနေ လားရှိုးကို လေကြောင်းခရီးစဉ်နဲ့ ရောက်လာရင် လေဆိပ်ကနေ ပရဟိတကားတွေနဲ့ ဟိုတယ်တွေကို ခေါ်သွားမယ်။ Hotel Quarantine နေရမယ်။ ဟိုတယ်မှာ တစ်ပတ်ထားပြီး RDT နဲ့ စစ်လို့ Negative ဆိုရင် Hotel Quarantine ထွက်ပြီပေါ့။ ဒီလားရှိုးလေဆိပ်ကနေသွားမယ့် ခရီးသည်တွေကလည်း သက်ဆိုင်ရာမြို့နယ်တွေမှာ ဆေးစစ်ခဲ့ပြီးတော့ ၃၆ နာရီအတွင်း သက်တမ်းရှိတဲ့ အဖြေရှိမှသာ လေယာဉ်ပေါ် တက်ခွင့်ရမှာပေါ့။ လားရှိုးမြို့နယ်ထဲမှာနေတဲ့သူကလည်း လားရှိုးမှာစစ်ခဲ့မယ်။ တခြားမြို့ကလာပြီး လားရှိုးမှာ လေယာဉ်လာစီးမယ့် သူကလည်း သူ့သက်ဆိုင်ရာမြို့မှာ ဆေးစစ်ခဲ့ရမယ်” ဟု လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန Quarantine Officer Team မှ ဒုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဖြိုးသီဟနိုင်က ပြောကြားသည်။
လားရှိုးမြို့မှတစ်ဆင့် အခြားမြို့များသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်မည် ဆိုပါကလည်း COVID-19 ဆေးစစ်ချက်ရယူရန် လေယာဉ်ခရီးစဉ်မတိုင်မီ တစ်ရက်အလိုတွင် လားရှိုးမြို့ ၀ိပဿနာကျောင်းရှိ COVID-19 ဆေးစစ်ရာနေရာတွင် လေယာဉ်လက်မှတ်ပြကာ လာရောက်စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
ဆေးစစ်ချက်များကို လေယာဉ်မထွက်မီ တစ်ရက်အလိုတွင် လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ Quarantine Officer Team က စစ်ဆေးပေးမည်ဖြစ်ပြီး Go Show ဖြင့်လိုက်ပါမည့် ခရီးသည်များ လုံးဝလက်ခံမည် မဟုတ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် လားရှိုးသို့ ပြန်လာကြသူများသည် Hotel Quarantine ကို မိမိစရိတ်ဖြင့် မိမိကျခံရမည်ဖြစ်ကာ RDT ဖြင့် ဆေးစစ်ဆေးမှုတွင်လည်း ကျပ် ၁၅၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် Quarantine Officer Team မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် လားရှိုးမြို့တွင် အောက်တိုဘာလအတွင်းမှ စတင်ကာ ရပ်နားထားရသည့် လေကြောင်းခရီးစဉ်များ ဒီဇင်ဘာ ၂၃ ရက်တွင် ပြန်လည်ပြေးဆွဲတော့မည် ဖြစ်သဖြင့် လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါနိုင်ရန် လိုအပ်သည့် ဆေးစစ်ချက်များကို ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ပေးခဲ့ရာ လတ်တလောရရှိသော စာရင်းများအရ လားရှိုး၊ လောက်ကိုင်၊ သီပေါမြို့များမှ လေကြောင်းခရီးဖြင့် လိုက်ပါမည့် ခရီးသည် ၁၈ ဦးခန့်ရှိကြောင်း သိရသည်။















