စမွတ်ဆာခွန်၌ တစ်ကျော့ပြန် ကိုဗစ်ပျံ့နှံ့မှုအပေါ် ထိုင်းဝန်ကြီးချုပ်က မြန်မာ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများကို ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းဒေသတွင်း မီဒီယာများတွင် ဖော်ပြချက်များအရ သိရသည်။
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသရှိ နာမည်ကြီးပုစွန်စျေးမှ စတင်ခဲ့သည့် တကျော့ပြန် ကိုဗစ်ဗိုင်းရပ်စ် ပျံ့နှံ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ က မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အခြားရွှေ့ပြောင်း အလုပ်သမားများကို ပြစ်တင်ပြောဆိုခဲ့သည်။
“သူတို့က ထွက်သွားပြီးမှ ပြန်ဝင်လာကြတယ်”ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောကြားသည်။
မဟာချိုင်ဒေသရှိ ပုစွန်စျေးတွင် ၆၈ နှစ်အရွယ် ထိုင်းနိုင်ငံသူ တစ်ဦးမှာ ဒီဇင်ဘာ ၁၃ ရက်တွင် စတင်ဖျားနာခဲ့ပြီး စစ်ဆေးကြည့်ရာ ပိုးတွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ထိုင်းနိုင်ငံသူတွင် ကိုဗစ်ပိုးကူးစက်ခံနေပြီးနောက် ယင်းဒေသတွင် ရောဂါစစ်ဆေးမှုများအား ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၇ ရက်က စတင်ပြီး အဆိုပါ စမွတ်ဆာခွန်စျေးတွင် ကိုဗစ်ရောဂါ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ လေးရက်အတွင်း ရောဂါပိုးတွေ့ရှိသူ ၈၀၀ ကျော် ရှိလာကြောင်း သိရသည်။
ယင်းထဲမှာ ကူးစက်ခံရသူ အများစုသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြကြသည်။
ကူးစက်ခံရသူများသည် စမွတ်ဆာခွန်ခရိုင်အတွင်း လူနေထူထပ်သည့် နေရာများတွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု ဖြစ်သည်။
စမွတ်စခွန်ခရိုင် မဟာချိုင်တွင် ကိုဗစ်ရောဂါပိုး စစ်ဆေးမှုကို ထိုင်းအာဏာပိုင်များက အခမဲ့ စစ်ဆေးပေးနေကြောင်း သိရသည်။
တကျော့ပြန် ကိုဗစ်ပိုးတွေ့သည့် မဟာချိုင်ဒေသကို ထိုင်းအာဏာပိုင်များက Lockdown ချလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်ကူးစက်မှုကို လျော့ချရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်း အလုပ်သမားများကို အခြားဒေသများသို့ မထွက်ခွာရန် အမိန့်ထုတ်ပြန်ထားသည်။
မဟာချိုင်ဒေသသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများစုနေထိုင်ပြီး ၁၀ ရာခိုင်နှုန်းသာ ထိုင်းလူမျိုးများ ဖြစ်သည်။
မြန်မာလုပ်သား တစ်သောင်းခန့်ကို ကိုဗစ်ရောဂါ စစ်ဆေးဖို့ ပြင်ဆင်ထားရာ ယခု လေးသောင်းလောက်ထိ တိုးမြှင့်စစ်ဆေးဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။
စမွတ်ဆာခွန်ခရိုင်နှင့် ဆက်စပ်ပြီး ကူးစက်ခံရမှုများရှိသည့် နခုံပထုံ၊ ရတ်ချ်ဘူရီ၊ စူဖန်ဘူရီ၊ စမွတ်ပရာကန်နှင့် ဘန်ကောက်ခရိုင်တို့တွင်လည်း ကူးစက်ခံနေရမှုများ ရှိသည်။
စမွတ်ဆာခွန်ခရိုင်နှင့် နီးစပ်သည့် ခရိုင်အချို့တွင်လည်း ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ ရှိသည့် လုပ်ငန်းခွင်များတွင် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ညွှန်ကြားထားသည်။
အထူးသဖြင့် ငါးအတင်အချ ဂိုဒေါင်၊ ဆိပ်ကမ်း၊ လှေဆိပ် စသည့် ရေထွက်ကုန်များ ပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း ရှိနေသည့် လုပ်ငန်းခွင်းများတွင် စစ်ဆေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာလုပ်သားများ ခိုးဝင်မှုများ ရှိသည့်အတွက် ထိုင်းနယ်စပ်တွင် ဒရုန်းများ အသုံးပြုပြီး လုံခြုံရေးများကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။
အလားတူ ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းများ ဖြစ်သည့် မဲဆောက်-မြဝတီ၊ ကော့သောင်း-ရနောင်း၊ တာချီလိတ်-မယ်ဆိုင်၊ ထီးခီး-ထားဝယ် စသည့်လမ်းများတွင်လည်း လုံခြုံရေး တင်းကြပ်ထားသည်။















