မြန်မာအမျိုးသား လေကြောင်းလိုင်းက နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းရန် ကြိုတင်ပြင်ဆင်ထားပြီး ခရီးသည်များ လက်မှတ်ဝယ်ယူသည့် ခရီးစဉ်ပေါ်မူတည်ကာ နိုင်ငံတကာသို့ လေကြောင်းခရီးစဉ်များ ပျံသန်းမည်

မြန်မာအမျိုးသား လေကြောင်းလိုင်းက နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းရန် ကြိုတင်ပြင်ဆင်ထားပြီး ခရီးသည်များ လက်မှတ်ဝယ်ယူသည့် ခရီးစဉ်ပေါ်မူတည်ကာ နိုင်ငံတကာသို့ လေကြောင်းခရီးစဉ်များ ပျံသန်းမည်
မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ခရီးစဉ်များ ပျံသန်းနေသည့် လေယာဉ်တစ်စင်းအား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ခရီးစဉ်များ ပျံသန်းနေသည့် လေယာဉ်တစ်စင်းအား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 22 December 2020
ရွှန်းလဲ့ဝင်း

နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် ကြိုတင်ပြင်ဆင်ထားပြီး ခရီးသည်များ လက်မှတ်ဝယ်ယူသည့် ခရီးစဉ်ပေါ်မူတည်ကာ နိုင်ငံတကာသို့ လေကြောင်းခရီးစဉ်များ ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ပျံသန်းခွင့်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ခွင့်ပြုနိုင်ရန် အသေးစိတ် ညှိနှိုင်းဆွေးနွေးများ ပြုလုပ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ဘန်ကောက်၊ စင်ကာပူ အပါအဝင် နိုင်ငံအချို့ကို ကယ်ဆယ်ရေး လေကြောင်းခရီးစဉ်နှင့် ကုန်တင်ခရီးစဉ်များ ပျံသန်းနေခြင်းကြောင့် ပြည်ပခရီးစဉ်များ ပြန်လည်ပျံသန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ စတင်ပျံသန်းနိုင်ရန်မှာ လေကြောင်းလိုင်း၏ သဘောတစ်ခုတည်းဖြင့် မရနိုင်ဘဲ သက်ဆိုင်ရာ နိုင်ငံအစိုးရအချင်းချင်း သဘောတူညှိနှိုင်းမှုများ ပြုလုပ်ပြီး ခွင့်ပြုချက်ရရှိမှာသာ စတင်နိုင်မည်ဟု သိရသည်။

“MNA အနေနဲ့ လက်ရှိမှာတော့ ဘန်ကောက်ကို တစ်လတစ်ခေါက် ကယ်ဆယ်ရေးခရီးစဉ်တွေ ပျံသန်းနေတယ်။ စင်ကာပူကိုလည်း ကယ်ဆယ်ရေးခရီးစဉ်တွေ ပျံသန်းနေတာဖြစ်လို့ သူတို့နိုင်ငံ လေဆိပ်တွေက ဘာတွေလိုအပ်လဲဆိုတဲ့ စည်းကမ်းတွေက သိပြီးသားလေ။ တခြားနိုင်ငံတွေကတော့ အစိုးရအချင်းချင်း ညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့အခါ ဘယ်နေ့မှာတော့ စပြီးပျံလို့ရပြီဆိုတဲ့ ခွင့်ပြုချက်ရတာနဲ့ နှစ်ရက်သုံးရက်အတွင်း စပျံမှာပါ။ ဒါပေမဲ့ တစ်ခုရှိတာ လေယာဉ်ခရီးစဉ် ပျံသန်းဖို့ဆိုတာ လေယာဉ်လက်မှတ် ရောင်းရဦးမှာပေါ့နော်။ အခုက လက်မှတ်အရောင်းတွေက အားလုံးပိတ်ထားတယ်။ နိုင်ငံတကာခရီးစဉ်တွေ စတင်ပျံသန်းလို့ရပြီဆိုမှ လက်မှတ်အရောင်းစနစ်တွေက စပြီးဖွင့်ပေးမှာပါ။ ခရီးသည်တွေ လက်မှတ်ဝယ်တဲ့ ခရီးစဉ်ပေါ် မူတည်ပြီး ခရီးစဉ်တွေ ပျံသန်းရမှာပါ။ ခရီးသည် တစ်ယောက် နှစ်ယောက်နဲ့တော့ စပြီးပျံလို့ မရသေးဘူးပေါ့” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က ပြောကြားသည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်ရန် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း ကာလကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်ထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့်လက်ရှိတွင် ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်များနှင့် ပြည်တွင်းခရီးစဉ် ပြေးဆွဲပျံသန်းမှုကိုသာ ဆက်လက်ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

 

Most Read

Most Recent