မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း၌ ကျိုက်ထိုနှင့် မော်လမြိုင်အခြေစိုက် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လုပ်ငန်းစုများ၏ ထောက်ပံ့ငွေ ရာခိုင်နှုန်း ၆၀ ကျော် ပါဝင်နေ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း၌ ကျိုက်ထိုနှင့် မော်လမြိုင်အခြေစိုက် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လုပ်ငန်းစုများ၏ ထောက်ပံ့ငွေ ရာခိုင်နှုန်း ၆၀ ကျော် ပါဝင်နေ
Published 20 December 2020
ဘိုဘိုမြင့်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း၌ ကျိုက်ထို နှင့် မော်လမြိုင်အခြေစိုက် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လုပ်ငန်းစုများမှ ထောက်ပံ့ငွေ ရာခိုင်နှုန်း ၆၀ ကျော် ပါဝင်နေကြောင်း သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအနေဖြင့် ပြီးခဲ့သည့်  ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ်အနေဖြင့် ကိုယ်တိုင်စိုက်ထုတ်ငွေ ကျပ် ၂၅ သိန်းရှိပြီး၊ NLD ပါတီ ဗဟိုမှ ထောက်ပံ့ငွေနှင့် Online အသုံးစရိတ် ထောက်ပံ့ငွေကျပ် ခုနစ်သိန်းကျော်၊ ကျိုက်ထိုမြို့နယ် အခြေစိုက် ပထမရိုးရိုးလေး ကုမ္ပဏီလီမိတက် ဦးနေထက်သိန်းနိုင်နှင့် ဇနီးမှ ထောက်ပံ့ငွေ ကျပ်သိန်း ၂၀ နှင့် ကိုယ်စားလှယ်ပုံပါ အောင်နိုင်ရေးအကျႌအထည် ၅၀၀ အတွက် ကျပ် ၇၅၀၀၀၀ ထောက်ပံ့ခဲ့ကြောင်း၊ ကျိုက်ထိုမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲထွန်းနှင့်ဇနီးမှ ကျပ် ၁၀ သိန်း၊ ဦးမြင့်တင်  PT Power ဆီဆိုင် (မော်လမြိုင်) မှ ကျပ်ငါးသိန်း၊ ကျိုက်ထီးရိုး စျေးကော်မတီမှ ကျပ် ၂၅၀၀၀၀ နှင့် ရတနာဟိန်း ကျောက်ထုတ်လုပ်ရေး (မုပ္ပလင်) မှကျပ် ၇၅၀၀၀ အပါအဝင် ထောက်ပံ့ငွေနှင့် ကိုယ်တိုင်စိုက်ထုတ်ငွေ စုစုပေါင်း ကျပ် ၈၂ သိန်း ကျော်ရှိခဲ့ကြောင်းနှင့် ယင်းငွေကြေးများထဲမှ ကျပ် ၇၆ သိန်းကျော်အား ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် သုံးစွဲခဲ့ကြောင်း သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ် ကျပ် ၇၆ သိန်းကျော်အနက် ကျပ် ၄၅ သိန်းကျော်မှာ ကျိုက်ထိုနှင့် မော်လမြိုင်အခြေစိုက် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လုပ်ငန်းစုများက ထောက်ပံ့ငွေများ ဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေအရ ကျပ်သိန်း တစ်ရာအထက် ပိုမသုံးရဘူးလို့ သတ်မှတ်ထားပါတယ်။ စာရင်းလာတင်တဲ့ အထဲမှာလည်း ဘယ်သူမှ ကျပ်သိန်း တစ်ရာ မပြည့်ကြပါဘူး။ တင်ပြတဲ့ ငွေကြေးပမာဏကလည်း ကိုယ်စားလှယ် တစ်ဦးနဲ့တစ်ဦးလည်း မတူကြပါဘူး” ဟု သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတွင် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လုပ်ငန်းစုများမှ ထောက်ပံ့ငွေများ ပါဝင်နေသည့်အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သူ ဦးမင်းမင်းနွယ်က “ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်နဲ့ ပတ်သက်လို့ သတင်းတွေထဲမှာ ဖတ်ရှုလေ့လာ မိသလောက်၊ ကြားသိရသလောက်ဆိုရင် သူ့ကို ကုမ္ပဏီတွေ က ရွေးကောက်ပွဲ ကုန်ကျစရိတ် ထောက်ပံထားတဲ့ သဘောမျိုးတွေ့ရတယ်။ သူ့ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်မှာ သူလိုကိုယ်လိုလောက်ပဲ တင်ထားတဲ့သဘောမျိုး ရှိပါတယ်။ သိပ်ပြီး ထွေထွေထူးထူးတော့ မတွေ့ရပါဘူး”ဟု ဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်နှင့် ပတ်သက်ပြီး လောလောဆယ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသည့် စာရင်းများအရသာ သိရကြောင်း၊ သို့သော် နောက်ကွယ်တွင် လုပ်ငန်းရှင်များနှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ ဆက်နွယ် ပတ်သက်မှု အတော်များများက ရှိကောင်းရှိနေနိုင်ကြောင်း၊ အမှန် ဒီဖြစ်စဉ်မျိုးက ဖြစ်လေ့ဖြစ်ထရှိကြောင်း ဦးမင်းမင်းနွယ်က ဆိုသည်။

“ဒါတွေကိုတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာသမားတွေရော၊ ပြည်သူတွေကပါ သိရှိအောင် သတိထားမိဖို့ လိုပါမယ်။ ဆိုလိုတာက ဒေသဖွံ့ဖြိုးရေးအမှန် တကယ် လုပ်ဆောင်နေတဲ့ ဒေသခံကုမ္ပဏီတွေ ရှိကောင်းရှိသလို တချို့ကုမ္ပဏီတွေကလည်း ကိုယ်ကျိုးစီးပွားပဲ ကြည့်ပြီး လုပ်နေကြတဲ့ ကုမ္ပဏီတွေလည်း ရှိနေနိုင်တယ်လေ။ နိုင်ငံရေးသမား တစ်ယောက်၊ ကိုယ်စားလှယ် တစ်ယောက်နေနဲ့ ကိုယ်ကျိုးစီးပွားပဲကြည့်တဲ့ ကုမ္ပဏီနဲ့ သွားပူးပေါင်းမိရင်တော့ ဒေသအကျိုးစီးပွား ပျက်သုဉ်းနိုင်တယ်။ ဒါကိုတော့ သတိထားရမယ့် သဘောမှာရှိပါတယ်”ဟု ဦးမင်းမင်းနွယ်က ဆက်လက် ပြောကြားသည်။

လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှာ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် နှစ်ကြိမ်ဆက် ရွေးကောက် တင်မြှောက်ခံထားရသူ ဖြစ်သည်။

Most Read

Most Recent