အစိုးရအဖွဲ့တွင် နိုင်ငံရေးအရ လုပ်ရည်ကိုင်ရည် ရှိသူများအား ဦးစားပေးမည်ဖြစ်ပြီး ခရိုနီသူဌေးများကို မြင်တွေ့ရဖွယ်မရှိဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား

အစိုးရအဖွဲ့တွင် နိုင်ငံရေးအရ လုပ်ရည်ကိုင်ရည် ရှိသူများအား ဦးစားပေးမည်ဖြစ်ပြီး ခရိုနီသူဌေးများကို မြင်တွေ့ရဖွယ်မရှိဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား
နေပြည်တော် ယာယီဌာနချုပ် (ရုံးခွဲ)တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပအပြီး မီဒီယာများအား ရှင်းလင်းစဉ်
နေပြည်တော် ယာယီဌာနချုပ် (ရုံးခွဲ)တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပအပြီး မီဒီယာများအား ရှင်းလင်းစဉ်
Published 16 December 2020
ဉာဏ်လင်းထွန်း

လာမည့် အစိုးရသစ်ဖွဲ့စည်းရာတွင် နိုင်ငံရေးအရ လုပ်ရည်ကိုင်ရည်ရှိသူများကို ဦးစားပေးမည်ဖြစ်ပြီး ခရိုနီသူဌေးများ ပါဝင် ဖွယ်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ အဓိကအားဖြင့် နိုင်ငံရေးအရ လုပ်ရည်ကိုင်ရည်ရှိတဲ့သူများကို ဦးစားပေးမယ်ဆိုတာ ကျွန်တော်တို့ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ပြောပြီးသားဖြစ် ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်ထုတ် ပြည်တွင်းဂျာ နယ်တစ်စောင်တွင် ခရိုနီသူဌေးကြီး သုံးဦးထက်မနည်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် မြင်တွေ့ရဖွယ်ရှိဟု အာဏာရပါတီနှင့်နီးစပ်သောအသိုင်းအဝိုင်းမှ သိရဟူ၍ သတင်းဖော် ပြခဲ့သည်။

လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်အချို့ကို  ပြည်ထောင်စုဝန်ကြီးများ အဖြစ် ခန့်အပ်ရန် လျာထားသော်လည်း ၎င်းတို့က လက်ရှိတိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ် အဖြစ်သာ တာဝန်ထမ်းဆောင်လိုသည်ဟု ဖော်ပြပါရှိသည်။

ထိုအချိန်တွင် ခရိုနီသူဌေးကြီးအချို့က ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း စာရေးသားတင်ပြလာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဆရာ (ဒေါက်တာဇော်မြင့်မောင်) ပြောခဲ့တဲ့မူနဲ့ ဒီအချက်က ကိုက် ညီခြင်းမရှိပါဘူး။ ဒါကြောင့် ဒီဟာ မဖြစ်နိုင် ပါဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်” ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်  ဒေါက်တာမျိုးညွန့်က အထက်ပါသတင်းနှင့် ပတ်သက်၍ ငြင်းဆိုသည်။

အစိုးရအဖွဲ့အသစ်တွင် လက်ရှိ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်အချို့ ပြန်လည်ပါဝင်ဖွယ်ရှိသော်လည်း  ရာခိုင်နှုန်းမည်မျှဟူ၍ ပြောကြားနိုင် ခြင်းမရှိသေးဟု ၎င်းက ဆက်လက်ပြောကြားသည်။

NLD ပါတီအပေါ် သစ္စာရှိပြီး နိုင်ငံရေး အားကောင်းသူ၊ ပြည်သူလက်ခံနိုင်သူ စသည့် အချက်များရှိသူအပါအဝင် တတ်သိပညာရှင်များကိုလည်း အစိုးရအဖွဲ့အသစ်တွင် ထည့်သွင်းဖွဲ့စည်းသွားမည်ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က မီဒီယာများကို ပြောကြားထားသည်။

ထို့ပြင် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းက ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားပါတီများဘက်မှ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ အဖွဲ့များတွင် ပါဝင်သင့်သူများကို တင်ပြလာလျှင်လည်း ထည့်သွင်းစဉ်းစားမည်ဟု ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

NLD ပါတီ၏  တိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့တွင် ပါတီဗဟို အလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့ ပါဝင်ပြီး ယင်းအဖွဲ့ သည် ဒီဇင်ဘာ ၁၁ ရက် နေ့စွဲဖြင့် တိုင်းရင်းသားပါတီ ၄၈  ပါတီထံ ပေးပို့ထားသောအိတ် ဖွင့်ပေးစာနှင့် စပ်လျဉ်း၍ ဖွဲ့စည်းခြင်းဖြစ် သည်။

 

Most Read

Most Recent