ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့ခြင်းကြောင့် ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ ငါးခုတင်ရန်ရှိပြီး ယင်းငါးခုသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများကို ကန့်ကွက်ရန်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့ခြင်းကြောင့် ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ ငါးခုတင်ရန်ရှိပြီး ယင်းငါးခုသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများကို ကန့်ကွက်ရန်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား
Published 13 December 2020
အောင်မင်းသိန်း

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့ခြင်းကြောင့် ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ ငါးခုတင်ရန်ရှိပြီး ယင်းငါးခုသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများကို ကန့်ကွက်ရန် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ အမျိုးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပါတီ ဗဟိုရုံးချုပ် (ယာယီ) တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ကိုယ်စားလှယ်လောင်း ကန့်ကွက်ရန် ရှိသည်ဆိုခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းကိုလား၊ အခြားပါတီများ ပါဦးမလားဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ဒေါက်တာမျိုးညွန့်က ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကြံ့ခိုင်/ဖွံ့ဖြိုးရေးကပါပဲ။ (ဘယ်မြို့တွေလဲ ပြောလို့ရမလား)။ အဲဒါတော့ သိပါလိမ့်မယ်။ ကန့်ကွက်ဆိုတာက တရားမဲ့ ပြုကျင့်မှုကြောင့်သာ ကျွန်တော်တို့ ဒီဟာ ကန့်ကွက်ကြတာပါ။ ကိုယ်စားလှယ်လောင်း ကန့်ကွက်ဖို့က အခုထိတော့ ကျွန်တော်တို့ ကန့်ကွက်လွှာတင်ဖို့  အချို့လည်း ပြင်ဆင်နေတာ ငါးခုတော့ ရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ အခြားသော ရာဇဝတ်မှုများနှင့် စွဲဆိုထားသည့် အမှုပေါင်း ၁၂ မှုခန့်ရှိပြီး ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ တင်သွင်းရန်ရှိသည့် မြို့နယ်များကို မပြောလိုကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရရှိထားသည့် မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ပြောဆိုချက်များအပေါ် မည်သို့ တုံ့ပြန်ချင်ပါသလဲဆိုသည့် မေးမြန်းမှုကို “ကျွန်တော်တို့ သိသရွေ့တော့ ကျွန်တော်တို့ ပါတီဝင်တွေက နှစ်ကြိမ် မဲပေးခဲ့တာတော့ အစီရင်ခံစာထဲမှာ မတွေ့ပါဘူး။ ကျွန်တော်တို့ နားလည်သရွေ့ ပြောရရင် မဲပေးသူဦးရေရယ်၊ ရရှိတဲ့ မဲအရေအတွက်ကို လွဲမှားနေတာ ဖြစ်မှာ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ အမျိုးသားကို၊ ပြည်သူကို၊ တိုင်းနဲ့ပြည်နယ်ကို တစ်ခါတစ်ရံမှာ တိုင်းရင်းသားဝန်ကြီးကို သုံး မဲ၊ လေးမဲ ပေးရပါတယ်။ အဲဒီတော့ ရရှိသော မဲပေါင်းဆိုတဲ့အခါမှာ တစ်ခါတစ်ခါမှာ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေထက် ကျော်နေတာ ဖြစ်နိုင်ပါတယ်။ သို့သော် ကျွန်တော်တို့ ဒီမဲပေးတဲ့အခါမှာ တံခါးပိတ်လုပ်တာ မဟုတ်ပါဘူး။ အများပြည်သူရှေ့မှောက်မှာ လုပ်တဲ့အတွက် ပွင့်လင်းမြင်သာမှု ရှိပါတယ်။ စာရင်းဇယားတွေ တိတိကျကျပါ ရှိပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ပြန်လည် ဖြေကြားခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများနှင့် ပတ်သက်၍ ရဲအရေးပိုင်မှုနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ တိုင်ကြားစာပေါင်း ၁၃၀၀ ခန့်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ တရားဝင် တိုင်ကြားသွားမည့် ကန့်ကွက်လွှာပေါင်း ၅၀ ကျော်ရှိနိုင်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ပြည်ခိုင်ဖြိုးပါတီဌာနချုပ် သင်တန်းကျောင်း ခန်းမဆောင်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားထားသည်။                              

 

Most Read

Most Recent