အပြောသက်သက်နိုင်ငံရေး

အပြောသက်သက်နိုင်ငံရေး
Published 11 December 2020

“အသေးငယ်ဆုံး လုပ်ဆောင်မှုသည် အကြီးမားဆုံးရည်ရွယ်ထားမှုထက် ပို၍ကောင်းသည်”

ဂျွန်ဘော်ရို (၁၈၃၇-၁၉၂၁)

အမေရိကန် အက်ဆေးဆရာ

အချို့သောနိုင်ငံရေးသမားများကို ပုံပြောကောင်းသူများဟု လူထုက ပြောဆိုလေ့ရှိ ကြသည်။ လက်ရှိဖြစ်ပေါ်နေသော အဆင်မပြေမှုများ ပြောင်းလဲကာ ပြေလည်သွားလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် လူထုက နိုင်ငံရေးသမားများကို မဲပေးခဲ့ကြခြင်းဖြစ်သည်။ သို့သော် နိုင်ငံရေးသမားအချို့သည် အာဏာကို ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည့်အရာအဖြစ် မှတ်ယူကာ ကိုယ်ကျိုးအတွက်သာ အသုံးချခဲ့ကြသည်။ ၎င်းတို့သည် အမှန်တကယ်မရှိသော အရာများကို အမှန်တကယ်ရှိသည် သို့မဟုတ် အမှန်တကယ်ဖြစ်လာမည်ဟု အာပေါင်အာရင်းသန်သန် ပြောဆိုနေသော မျက်လှည့်ဆရာများထက် ဘာမျှမပိုပေ။ ၎င်းတို့သည် လူထုက မှားယွင်းဘာသာပြန်မိသော စာကြောင်းများသဖွယ်သာ ဖြစ်၍နေသည်။ လူထုက သူတို့အား ကိုယ်စားပြုပေးရန် ရွေးကောက်တင်မြှောက်လိုက်သည့် နိုင်ငံရေးသမားဟူသည် လူထု၏ ကောင်းကျိုးချမ်းသာ အဝဝကို မြှင့်တင်ပေးရန် ကြိုးပမ်းပေးကြရမည့်သူများသာဖြစ်သည်။

မည်သည့်လူထုကမျှ အပြောသက်သက်နိုင်ငံရေးကို အလိုရှိကြမည်မဟုတ်ပါ။ တစ်စုံတစ်ရာကို လုပ်ဆောင်မည်ဟု ပြောခြင်းနှင့် တစ်စုံတစ်ရာကို အမှန်တကယ် လုပ်ဆောင်လိုက်ခြင်းတို့အကြား အကြီးအကျယ် ကွဲပြားခြားနားသည်ကို လူတိုင်းသိကြသည်သာဖြစ်၏။ မည်သူမဆို “ငါဒါကို လုပ်နိုင်တယ်” ဟု ပြောတတ်ကြသည်။ သို့သော် ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ကြပါသလား။ လူပေါင်းများစွာတို့သည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် အိပ်မက်များကို တွင်တွင်ပြောလျှင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်တတ်ကြသည်။ ဂါထာရွတ်သကဲ့သို့ တတွတ်တွတ်ရွတ်ရုံဖြင့် မည်သည့်အရာများ အမှန်တကယ် ဖြစ်လာဖူးပါသနည်း။ ကံမကောင်းအကြောင်းမလှစွာပင် ပြုဖွယ်ဆောင်တာနှင့် အမှန်တကယ် လုပ်ဆောင်မှုတို့အကြား ကွဲပြားခြားနားလျက်ရှိနေသည်။ မိမိအလိုရှိရာကို ပြောခြင်းမှတစ်ဆင့် သွားခြင်းသည်လည်း မိမိ၏ ရည်မှန်းရာများကို ဆောင်ရွက်နေခြင်းမှနေ၍ ကွဲပြားခြားနားသည်။ အဝတ်လျှော်၊ မီးပူတိုက်၊ စျေးဝယ်အစရှိသော ကိစ္စများကဲ့သို့ နေ့စဉ် ပြုဖွယ်ကိစ္စများဖြင့် မအားလပ်အောင်ရှိခြင်းသာမက အလုပ်နှင့် ဆက်နွှယ်နေသော ဖုန်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်းနှင့် အစည်းအဝေးထိုင်ခြင်းကဲ့သို့သော အလုပ်များသည်ပင်လျှင် ထုတ်လုပ်မှုရှိသော အလုပ်များနှင့် ကွဲပြားခြားနားသေးသည်။ ထုတ်လုပ်မှုရှိသော အလုပ်များဟူသည် ပိုမိုကြီးမားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ပို၍ကြီးမားသော အခွင့်အလမ်းများဆီသို့ ဦးတည်စေရန် အထောက်အကူပြုခြင်းတို့နှင့် ပတ်သက်နေသော အလုပ်များဖြစ်ကြသည်။

လူများစွာတို့သည် ရည်မှန်းထားသော အလုပ်တစ်ခုကို စတင်ကာစ၌ အလွန်အဆင်ပြေ ကောင်းမွန်တတ်ကြသည်။ ယင်းကို ပြီးပြည့်စုံပြီဟုလည်းကောင်း၊ မိမိကိုယ်မိမိ            ကျွမ်းကျင်ပိုင်နိုင်သည်ဟုလည်းကောင်း မမှတ်ယူအပ်ပေ။ ပြီးပြည့်စုံပြီဟု ထင်ခြင်းသည် တိုးတက်မှု၏ရန်သူဖြစ်ပြီး ကျရှုံးမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ တစ်စုံတစ်ရာကို ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် အဓိကထားနေမည့်အစား တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့တိုး၍တိုး၍ သွားနိုင်ရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။ တစ်စုံတစ်ရာသည် ပြီးပြည့်စုံမှုမရှိပါက ပျင်းရိသွားခြင်း၊ စိတ်မပါတော့ခြင်း မဖြစ်သင့်ပေ။ ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း၏ ဝတ္ထုတိုတစ်ပုဒ်တွင် လယ်သမားတစ်ဦးအား မိမိထွန်ယက်ခဲ့ပြီးသော လယ်မြေများကို ပြန်လှည့်ကြည့်မနေဘဲ ရှေ့၌ ထွန်ယက်ရန်ကျန်ရှိနေသေးသည့် လယ်မြေများအပေါ်တွင်သာ အာရုံပြုထားရန် ဆုံးမထားသည်။

အစွမ်းအစရှိသူများစွာတို့သည် ရည်မှန်းထားသည့် အလုပ်များစွာတို့ကို စတင်ပြီးနောက် ပျင်းရိသွားခြင်း သို့မဟုတ် စိတ်မပါတော့ခြင်း သို့မဟုတ် အခြားသူများက ဟန့်တားခြင်း အစရှိသည်တို့ကြောင့် စွန့်လွှတ်လိုက်တတ်ကြသည်။ အလွန်နည်းပါးသော သူတို့သည်သာလျှင် အရာရာကို လုပ်ကိုင်သည့်အတိုင်း အဆင်ပြေမည်ဖြစ်သည်။ တစ်စုံတစ်ရာကို အပြီးသတ်နိုင်ရေးကသာ ပို၍အရေးကြီးပြီး အပြီးသတ်အထိ မရောက်မချင်း အပြစ်အနာအဆာ ရှိတတ်သည်သာဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲပြီး အနည်းငယ်သာ အားထုတ်သူများသည်လည်း ပန်းတိုင်နှင့် ဝေးကွာ၍ နေတတ်ကြသည်။ မိမိ၏ ရည်မှန်းချက်များဆီသို့ သွားမည့် ခြေလှမ်းများအား တားဆီးကာကွယ်မည့် အခြေအနေရပ်များက အမြဲတမ်းရှိနေမည်သာဖြစ်သည်။ မိမိအနေဖြင့် တစ်ခါတစ်ရံ ယာယီရပ်နားကာ အချိန်ကောင်းကို စောင့်ရတတ်သည်။ အချိန်တန်သည်နှင့် မိမိအလိုရှိရာကို ဆက်လက်အ ကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ အပြောသည် အလုပ်မဟုတ်ဘဲ အလုပ်တစ်ခုကသာ လုံးဝကွဲပြားခြားနားသော တစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် အပြောသက်သက် နိုင်ငံရေးကို အဆုံးသတ်ကာ ပထမဆုံးခြေလှမ်းကို ယခုပင် စ၍လှမ်းလိုက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၂ ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent