လှိုင်သာယာမြို့နယ်ရှိ Ah Nan Garment စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက အလုပ်သမား ၃၀၀ ကျော်အား လစာမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်

လှိုင်သာယာမြို့နယ်ရှိ Ah Nan Garment စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက အလုပ်သမား ၃၀၀ ကျော်အား လစာမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်
Published 9 December 2020
သိင်္ဂီဝင်းထွန်း

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Ah Nan Garment စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက အလုပ်သမား ၃၀၀ ကျော်ကို လစာမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

“အလုပ်ရှင်က လတ်တလောမှာတော့ ပြည်တွင်းမှာပဲ ရှိသေးတယ်။ ပြည်ပကိုတော့ ထွက်ခွင့် မရသေးဘူး။ အခုလက်ရှိကတော့ ကျွန်မတို့ အလုပ်ရှင်ကို ဆက်သွယ်လို့ မရသေးဘူး”ဟု လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) မှ ညှိနှိုင်းရေးမှူး ဒေါ်နှင်းသဇင်က ပြောကြားသည်။

Ah Nan Garment စက်ရုံအလုပ်ရှင် မထွက်ပြေးခင်ကစ၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း လာရောက် စစ်ဆေးပေးခြင်း မရှိသည့်အတွက် စက်ရုံပိုင်ရှင်မှာ အခွင့်အရေးများ ရရှိသွားသည်ဟု ယင်းစက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဒေါ်ဥမ္မာသင်းက ဆိုသည်။

“သူဌေးက မထွက်ပြေးခင်ကတည်းက ညီမတို့က ရုံးပိုင်းဆိုင်ရာအကုန်လုံးကို သူဌေး ထွက်ပြေးမယ့် အနေအထားရှိလို့ လာရောက်စစ်ဆေးပေးပါရန်ဆိုပြီး စာတွေတင်ခဲ့တယ်။ ဒါပေမယ့် လာရောက် စစ်ဆေးပေးတဲ့ လူတစ်ယောက်မှ မရှိခဲ့ဘူး။ အဲဒီလိုကြောင့် သူက စနစ်တကျလုပ်လို့ ရသွားတာတွေ အများကြီးပဲ။ စက်ရုံမှာဆို ပိတ်လိပ်တွေ တစ်လိပ်မှ မရှိတော့ဘူး၊ စက်တွေဆိုရင်လည်း အကောင်းတွေကို အဟောင်းတွေနဲ့ လဲသွားတယ်”ဟု ဒေါ်ဥမ္မာသင်းက ဆိုသည်။

ယင်းစက်ရုံမှာ ဒီဇင်ဘာလတွင် ပိတ်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် အဆိုပါ လုပ်ငန်းခွင်ကို စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်မှ ထွက်ပြေးရန် ကြံစည်နေသည်ကို တွေ့ရှိရသဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် တာဝန်ရှိသည့် ဌာနများသို့ တိုင်ကြားခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်မှ ညှိနှိုင်းရေးမှူး ဒေါ်နှင်းသဇင်က ပြောကြားသည်။

“စက်ရုံက ၁၂ လပိုင်းမှာ စက်ရုံ ပိတ်သိမ်းမယ်ဆိုပြီးတော့ ၁၁ လပိုင်း ၁၃ ရက်နေ့မှာ မန်နေဂျာက နှုတ်နဲ့ ပြောတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ တောက်လျှောက် ဒီလုပ်ငန်းခွင်ကို စောင့်ကြည့်နေတယ်။ ၂၄ ရက်ကျတော့ အလုပ်ရှင်က အစည်းအဝေး ခေါ်ပြီးတော့ စက်ရုံက ဆက်လက် လည်ပတ်ဖို့အတွက်ကို အခက်အခဲ ရှိနေတယ်ဆိုပြီး ထပ်ပြောတယ်။ စက်ရုံကိုတော့ ပိတ်သိမ်းမယ် မသိမ်းဘူးဆိုတာ တရားဝင် မပြောဘူးပေါ့။ သို့သော် လုပ်ငန်းခွင်မှာရှိတဲ့ စက်ပစ္စည်းတွေကို တခြားသောရုံတွေကို ထုတ်နေတာ ကျွန်မတို့ တွေ့မြင်ရတဲ့အတွက် ၂၅ ရက် ၁၁ လပိုင်းမှာ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ကျွန်မတို့က ဒီအလုပ်ရှင်ရဲ့ ပတ်စ်ပိုစ့်တွေ လုပ်ငန်းလိုင်စင်တွေကို ခေါ်ယူထိန်းသိမ်းဖို့အတွက် စာပို့လိုက်တယ်။ ပြီးတော့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ လဝကတို့ကနေ အလုပ်ရှင်ရဲ့ပတ်စ်စပိုစ့်နဲ့၊ လုပ်ငန်းလိုင်စင်တွေ၊ ပြည်ပထွက်ခွင့်တွေကို ပိတ်သိမ်းလိုက်တယ်”ဟု ဒေါ်နှင်းသဇင်က ပြောကြားသည်။

သိမ်းဆည်းထားသည့် အလုပ်ရှင်၏ ပတ်စပိုစ့်နှင့် လုပ်ငန်းလိုင်စင်များကို စကားပြန်မှတဆင့် ထုတ်ယူသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မသိရကြောင်း နှင့် သတင်းအတိအကျ မဟုတ်ကြောင်း ဒေါ်နှင်းသဇင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် လဝကသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မြန်မာနိုင်ငံရှိ ဥပဒေများကို လေးစားလိုက်နာနိုင်ရန် သက်ဆိုင်ရာဦးစီးမှူးများမှ စည်းကြပ်မှု ပြုလုပ်စေချင်ပြီး ဥပဒေချိုးဖောက်သည့် လုပ်ငန်းရှင်များကို စနစ်တကျ အရေးယူပါက အလုပ်သမားများ၏ အခက်အခဲ နည်းသွားနိုင်ကြောင်း ဒေါ်နှင်းသဇင်က သုံးသပ်သည်။

Ah Nan Garment စက်ရုံ၏ အလုပ်သမား ၃၀၀ ကျော်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမှုများ ပြုလုပ်မည်ကို သိချင်ကြောင်း ယင်းစက်ရုံ အလုပ်သမားသမဂ္ဂအတွင်းရေးမှူး ကိုနေလင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီလိုတွေဖြစ်နေတာကို ဘယ်အဖွဲ့အစည်း ဘယ်ခေါင်းဆောင်က ကျွန်တော်တို့ကို တာဝန်ယူပြီး လာရှင်းပေးမှာလဲ။ ကျွန်တော်တို့ အလုပ်သမား ၃၀၀ ကျော်အတွက် ဘယ်လိုတွေ လုပ်ပေးမှာလဲ သိချင်တယ်”ဟု ၎င်းက ဆိုသည်။

Most Read

Most Recent