ရန်ကုန်တိုင်းအတွင်း ထပ်မံပိတ်သိမ်းရန် တင်ပြလာသည့် စက်ရုံ ၃၀ ကျော်ရှိကြောင်း တိုင်းဝန်ကြီးပြောကြား

ရန်ကုန်တိုင်းအတွင်း ထပ်မံပိတ်သိမ်းရန် တင်ပြလာသည့် စက်ရုံ ၃၀ ကျော်ရှိကြောင်း တိုင်းဝန်ကြီးပြောကြား
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ်
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ်
Published 4 December 2020
ဆန်းထူးအောင်

ရန်ကုန်တိုင်းအတွင်း ထပ်မံပိတ်သိမ်းရန် တင်ပြလာသည့် စက်ရုံ ၃၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

“ပိတ်သိမ်းဖို့ စာရင်းတွေက နည်းပေါင်းစုံပေါ့။ DICA မှာ မှတ်ပုံတင်တဲ့ စက်ရုံတွေလည်းရှိတယ်။ DICA မှာ ၃၀ ကျော် ၄၀ လောက်ပိတ်သိမ်းဖို့ တင်ပြထားတာတွေရှိတယ်။ ဒါပေမဲ့  စာရင်းအတိအကျ ထွက်လာတာ မရှိသေးတဲ့အတွက် မှန်းခြေနဲ့ပြောတာ၊ စာရင်းတွေလည်းရောက်ပြီး စိစစ်ဆောင်ရွက်နေပြီ ပြောပါတယ်၊ ထပ်တိုးတာတော့ ရှိပါမယ်” ဟုဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အပြီးပိတ်သိမ်းသည့်စက်ရုံ ၅၆ ရုံအပါအဝင် ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့်စက်ရုံ ၁၇၃ ရုံရှိခဲ့ကာ အလုပ်သမား ၄၁၃၉၅ ဦး အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။

ထို့ပြင် ၁၉၅၁ ခုနှစ် အလုပ်ရုံများအက် ဥပဒေပုဒ်မ ၈ (၁) အရ လုပ်ငန်းပိုင်ရှင်သည် အဆောက်အအုံ၌ စတင်ပြီး လုပ်ငန်းလုပ်ခြင်း သို့မဟုတ် အဆောက်အအုံကို အသုံးမပြုမီ အနည်းဆုံး ၁၅ ရက်ကြိုတင်ကာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံတွင် ရုံးစာနှင့် အတွက် ပေးပို့ပြီး စက်ရုံစတင်ဖွင့်လှစ်မည့် ကာလများကို သတ်မှတ်ထားရှိပြီး ကတိကဝတ် အချက်များနှင့် စပ်လျဉ်းပြီး မိမိတို့ ဦးစီးဌာနမှ စည်းကြပ်ထားသည့် ဥပဒေတွင် ပါဝင်မှု မရှိသော်လည်း စက်ရုံအလုပ်ရုံများ စတင်ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပြီး လုပ်ကိုင်၍ အလုပ်တာဝန်များ ထမ်းဆောင်ချိန်မှစ၍ စက်ရုံအတွင်း၌ အလုပ်ရှင်နှင့် အလုပ်သမား အရေအတွက် အချိုးညီ ပါဝင်သော စက်ရုံတွင်း ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းခြင်း၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက် ၂၁ ချက် ပါသည့် အလုပ်ခန့်ထားမှုဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်များ ချုပ်ဆိုပြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၏ သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် အတည်ပြုချက်ရယူပြီး ဆောင်ရွက်စေကြောင်း ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

လုပ်ခလစာနှင့် လုပ်သက်ခွင့်ရက်များအတွက် ခံစားခွင့် ငွေကြေးများကို လတ်တလောတွင် ဖြစ်ပေါ်လာသည့် ၁၇၃ ရုံနှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်များကို အလုပ်ရှင်နှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လုပ်ခနစ်နာကြေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ မြို့နယ်ရုံးများ အနေဖြင့် အလုပ်ရုံ၊ စက်ရုံပိတ်သိမ်းခြင်းများအား အလုပ်သမားများမှ ကျေနပ်မှုမရှိကြောင်း တိုင်ကြားလာပါက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအဖြစ် မြို့နယ်ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်ပြီး လုပ်သက်အလိုက် နစ်နာကြေးများရရှိရန် ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယခုလကုန်မှစပြီး အလုပ်သမား လျှော့ချခြင်း၊ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းမည့်စက်ရုံ ၂၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၂၃ ရက်က ပြောကြားသည်။

ယင်းကဲ့သို့ လုပ်သားအင်အား လျှော့ခံရသူများအား နေ့ချင်းပြီး အလုပ်သမားကတ်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြားစက်ရုံများက လူခေါ်ပါက ဦးစားပေး လျှောက်ထားမှုများ ပြုလုပ်ပေးမည်ဟုလည်း ၎င်းကဆိုသည်။

 

Most Read

Most Recent