“လွတ်လပ်ဖို့အတွက် လူသားဟာ ပြစ်ဒဏ်ချမှတ်ခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကထဲကို ပစ်ချခံလိုက်ရတာနဲ့ လူသားဟာ သူလုပ်သမျှ အရာရာတိုင်းကို တာဝန်ယူရ တော့တာမို့ပါပဲ”
ယန်းပေါဆတ် (၁၉၀၅ - ၁၉၈၀)
ပြင်သစ်တွေးခေါ်ရှင်
လူပုဂ္ဂိုလ်တစ်ဦးက မိမိဘဝ၏ အခြေခံအုတ်မြစ်တိုင်းကို မေးခွန်းထုတ်သည့်အခါနှင့် မိမိ၏ဘဝသည် အဓိပ္ပာယ်၊ ရည်ရွယ်ချက်နှင့် တန်ဖိုးတစ်စုံတစ်ရာရှိပါ၏လောဟု စိစစ်သည့်အခါ ယင်းအခိုက်အတန့်တွင် ဖြစ်တည်မှု အကျပ်အတည်း ဖြစ်ပေါ်လာသည်။ လူတစ်ဦးနှင့်ပတ်သက်သော ဖြစ်တည်မှု၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက် အကြောင်းအရာသည် Existentialism (ဖြစ်တည်မှုပဓာနဝါဒ) ဟုခေါ်သည့် အတွေးအခေါ်လမ်းကြောင်းတစ်ရပ်၏ ပင်မအကြောင်းအရာ ဖြစ်လာခဲ့သည်။
ဖြစ်တည်မှုပဓာနဝါဒ၏ အဓိကအဆိုပြုချက်မှာ “ဖြစ်တည်မှုဟာ အနှစ်သာရထက် အရင်ကျတယ်” (Existence Precedes essence) ဟူ၍ဖြစ်သည်။ ဖြစ်တည်မှု (Existence) သည် အနှစ်သာရ (Essence) ထက် အရင်ကျသည်ဆိုရာ၌ လူဟူ၍ ဖြစ်တည်လာပြီးမှ မိမိ၏ ရွေးချယ်မှုကိုလိုက်၍ အနှစ်သာရဖြစ်လာသည်ဆိုသည့် သဘောဖြစ်သည်။ ဥပမာအားဖြင့် လူသည် ဆရာဝန်အဖြစ် မွေးလာခြင်းမဟုတ်။ ဆရာဝန်အဖြစ်ကို မိမိက ရွေးချယ်ခဲ့သည်ဟူသည့် သဘောဖြစ်သည်။ Preoccupied ဟု ခေါ်သည့် ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားမှုကို ငြင်းဆိုလိုက်ခြင်းပင်။
ဥပမာထပ်ပေးရလျှင် ကုလားထိုင်တစ်လုံးဖြစ်ပါက အနှစ်သာရ (Essence) သည် ဖြစ်တည်မှု (Existence) ထက် အရင်ကျပေလိမ့်မည်။ ကုလားထိုင်တစ်လုံးဖြစ်တည် မလာမီကတည်းက လက်သမားဆရာ၏ စိတ်ထဲ၌ “ကုလားထိုင်ဆိုတာ ဘယ်လို” ဟူသည့် Essence က ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားပြီးသားဖြစ်သည်။
စိတ်ထိခိုက်ခြင်း၊ အိမ်ထောင်ကျခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ကြီးမားသောအရာကို ဆုံးရှုံးရခြင်း၊ ချစ်ခင်ရသူသေဆုံးခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုနှင့် ကြုံတွေ့ခြင်း၊ အချစ်သစ်တွေ့ရှိခြင်း၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲခြင်း၊ အရွယ်ရောက်သွားသော ရင်သွေးများ အိမ်မှထွက်ခွာသွားခြင်း၊ ဘဝ၌အရေးပါသော အသက်အရွယ်အပိုင်းအခြားသို့ ရောက်ရှိခြင်း (၁၆ နှစ်ပြည့်ခြင်း၊ အသက် ၄၀ ပြည့်ခြင်း အစရှိသဖြင့်) စသော လူတစ်ဦး၏ဘဝ၌အရေးပါသော ဖြစ်ရပ်တစ်ခုခုက ဖြစ်တည်မှု အကျပ်အတည်း ဖြစ်ပေါ်အောင် နှိုးဆော်မှုပြုတတ်သည်။ ဖြစ်တည်မှုအကျပ်အတည်းသည် ခံစားရသူကို မိမိကိုယ်တိုင်၏ သေခြင်းတရားနှင့်ပတ်သက်၍ တွေးတောစိစစ်မိအောင် နှိုးဆော်သောကြောင့် စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်မျိုသိပ်ထားရမှုများ ပွင့်ထွက်လာသည်။
ဖြစ်တည်မှု အကျပ်အတည်းသည် ဆုပ်ကိုင်စရာ စံသတ်မှတ်ချက်များ ကင်းမဲ့သွားသောကြောင့် ဆောက်တည်ရာမရဖြစ်သည့် အနေအထားတစ်ရပ်နှင့် ဆင်တူသည်။ ဖြစ်တည်မှုအကျပ်အတည်းတစ်ရပ်သည် လူတစ်ဦး၏ဘဝ၊ ဖြစ်တည်မှုနှင့်ပတ်သက်သော တွေးထင်ယူဆချက်အသစ်တစ်ရပ်မှနေ၍ မြစ်ဖျားခံလာသည်။ လူတစ်ဦးအနေဖြင့် သူ၏ ဘဝနှင့်ပတ်သက်သော အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို သတ်မှတ်ခြင်း သို့မဟုတ် သတ်မှတ်နိုင်ခြင်းအပေါ်၌ အခြေပြုသည်။ ထို့ကြောင့် လူတစ်ဦးအနေဖြင့် ဖြစ်တည်မှု အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ရွေးချယ်ရမည်ဖြစ်သည်။
အိတ်ဇစ်စတင်ရှယ်လစ်ဇင် အတွေးအခေါ်တွင် လူတစ်ဦးအနေဖြင့် မိမိ၏ရွေးချယ်မှုများမှတစ်ဆင့် မိမိ၏ ကိုယ်ပိုင်ဘဝကို အဓိပ္ပာယ်သတ်မှတ်ရမည်ဟု သိမြင်သည့်အခါ ဖြစ်ပွားသည့် အကျပ်အတည်းကို ဖြစ်တည်မှုအကျပ်အတည်းဟု ခေါ်ဆိုသည်။ လူတစ်ဦးအနေဖြင့် ရွေးချယ်စရာ ကိစ္စတစ်ခုအတွက် လုပ်ရပ်တစ်ခုကို ရှောင်ရှားခြင်း သို့မဟုတ် ဆက်လက်ထိန်းသိမ်းထားခြင်းနှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို သိမြင်သည့်အခါ ဖြစ်တည်မှုအကျပ်အတည်း ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသားတို့သည် လွတ်လပ်ခွင့်အတွက် ပြစ်ဒဏ်စီရင်ခံထားရသူများဟု ခေါ်ဆိုနိုင်သည်။
အိတ်ဇစ်စတင်ရှယ်လစ် တွေးခေါ်ရှင်တစ်ဦးဖြစ်သော ယန်းပေါဆတ်က လူတို့အနေဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသော်လည်း ရွေးချယ်ခွင့်တိုင်း၏နောက်တွင် တာဝန်ယူရမှုက တစ်ပါတည်း ကပ်ပါလာသောကြောင့် ယင်းကို အန္တရာယ်ကြီးသော လွတ်လပ်ခွင့်ဟုခေါ်ဆိုခဲ့သည်။ လူတစ်ဦးအနေဖြင့် မွေးလာကတည်းက မည်သို့သောလူ ဖြစ်လာမည်ဟု ကြိုတင်ပြဋ္ဌာန်းထားခြင်း မရှိပါ။ မိမိ၏ရွေးချယ်မှုများအလိုက် လူဆိုး၊ လူကောင်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ အစရှိသဖြင့် ဖြစ်ပေါ်လာခြင်းသာဖြစ်သည်။
ထို့ကြောင့် လူတစ်ဦး၏ ဘဝနှင့်ပတ်သက်လျှင် ရွေးချယ်ပိုင်ခွင့်ရှိသည်ဟူသော လွတ်လပ်မှု၏နောက်၌ တာဝန်ယူရမှုက ကပ်လျက်သားပါလာသည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ ဒီဇင်ဘာ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်