ဒီမိုကရေစီစနစ် ထူထောင်ရာတွင် နိုင်ငံရေးအရ ဒီမိုကရေစီကျင့်စဉ်များ ရင့်ကျက်ရန်လိုအပ်သကဲ့သို့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှုနှင့် လူမှုရေးတည်ငြိမ်မှုရှိရန်လည်းလိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ဒီမိုကရေစီစနစ် ထူထောင်ရာတွင် နိုင်ငံရေးအရ ဒီမိုကရေစီကျင့်စဉ်များ ရင့်ကျက်ရန်လိုအပ်သကဲ့သို့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှုနှင့် လူမှုရေးတည်ငြိမ်မှုရှိရန်လည်းလိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ဒီဇင်ဘာ ၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြစ်ကြီးနားတပ်နယ်နှင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တွေ့ဆုံစဉ်
ဒီဇင်ဘာ ၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြစ်ကြီးနားတပ်နယ်နှင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တွေ့ဆုံစဉ်
Published 3 December 2020
မင်းနိုင်စိုး

ဒီမိုကရေစီစနစ် ထူထောင်ရာတွင် နိုင်ငံရေးအရ ဒီမိုကရေစီကျင့်စဉ်များ ရင့်ကျက်ရန် လိုအပ်သကဲ့သို့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှုနှင့် လူမှုရေးတည်ငြိမ်မှု ရှိရန်လည်း လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁ ရက်က မြစ်ကြီးနား တပ်နယ်နှင့် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင် ၎င်းကထိုသို့ ပြောကြားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် အောင်မြင်စွာကျင်းပခဲ့ပြီး တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့် ရွေးကောက်ပွဲတွင် ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ၊ တပ်မတော်မှ စနစ်တကျ မဲပေးနိုင်အောင် ဆောင်ရွက်ပေးထားမှုများနှင့်အညီ တက်ကြွစွာ ပါဝင်၍ ဆန္ဒမဲပေးခဲ့ကြကာ အောင်မြင်စွာ ပြီးမြောက်အောင် စနစ်တကျဖြင့် ဆန္ဒမဲပေးခဲ့ကြသည့်အတွက် တပ်မတော်သားများနှင့် မိသားစုများကို ကျေးဇူးတင်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အဓိကတာဝန်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁ ၌ “မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၄ ၌ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟု လည်းကောင်း ပြဋ္ဌာန်းထားသဖြင့် တပ်မတော်သည် နိုင်ငံသားများကို ကာကွယ်ပေးရန်တာဝန်ရှိကြောင်းနှင့် ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် ၎င်းကိစ္စများကို  တပ်မတော်က တတ်စွမ်းသရွေ့ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိရေး ဆောင်ရွက်နေကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စ၍ ဒီဇင်ဘာ ၃၁ ရက် တိုင်အောင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက် ကိုးစောင်ထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉၄၇ ခုနှစ်၊ ပင်လုံသဘောတူညီချက်များနှင့် အမျိုးသားခေါင်းဆောင်နှင့် တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်များအရ နိုင်ငံတော်ကို ယခင်ကတည်းက ပြည်ထောင်စုနိုင်ငံ (UNION) အဖြစ် တည်ဆောက်ခဲ့ကြောင်းလည်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ “အခန်း ၁၊ နိုင်ငံတော်၏ အခြေခံမူများ” နှင့် “အခန်း ၈၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ” အခန်း၌ နိုင်ငံတော်က နိုင်ငံသားအားလုံးအတွက် တူညီသော ကတိကဝတ်များ၊ အာမခံချက်များအား အပြည့်အဝပေးထားကြောင်း၊ လူမျိုး၊ဘာသာ ခွဲခြားမှုမရှိ အခွင့်အရေးတန်းတူရရှိလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင် ရွက်ရာတွင် နိုင်ငံရေးအရ ဖြစ်နိုင်သည်များကိုသာ လုပ်ဆောင်ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကစွမ်းအားစုဖြစ်သဖြင့် တူညီသည့် အမြင်နှင့်တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်း ဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့် သီးခြား အဖွဲ့အစည်းမဟုတ်ဘဲ ပြည်သူက ပေါက်ဖွားလာသူများပင်ဖြစ်သည့်အတွက် ပြည်သူနှင့် တစ်သားတည်းဖြစ်ရန် လိုအပ်ကြောင်း၊ ပြည်သူကအားကိုးရပြီး နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်စေရေး တစ်ဦးချင်း၊ အဖွဲ့လိုက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်ကန်ကျေပွန်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။