ဒါရိုက်တာဏကြီးနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာဏကြီးနှင့် တွေ့ဆုံခြင်း
Published 1 December 2020
လင်းလင်းခိုင်

ရုပ်ရှင်ဇာတ်ကားများဖန်တီးမှုကို ဆင်ဆာစနစ်ဖြင့် ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်နေမှုအစား Rating စနစ်ဖြင့် ဖန်တီးသူတစ်ဦးချင်း၏ မိမိကိုယ် ကိုယ်ဆင်ခြင်ဖန်တီးနိုင်မှုကို ပြောင်းလဲကျင့်သုံးနိုင်ရန် လူငယ်အနုပညာရှင်များ စုဖွဲ့ကာ ကြိုးပမ်းလျက်ရှိသည်။ ယင်းသို့ကြိုးပမ်းရာတွင် ပါဝင်လုပ်ဆောင်လျက် ရှိသူတစ်ဦးမှာ ဒါရိုက်တာဏကြီးဖြစ်သည်။ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး “မီ” ဖြင့်ပင် အနုပညာအရည်အသွေးပြည့်ဝမှုကို အကောင်းဆုံးပြသနိုင်ခဲ့သည့် ဒါရိုက်တာဏကြီးနှင့်ဆက်သွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော Rating စနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားရန် ပြင်ဆင်ထားသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး ပထမဆုံးသိချင်တာတော့ ရုပ်ရှင်ဇာတ်ကားတွေဖန်တီးမှုမှာ ဆင်ဆာစနစ်ကန့်သတ်မှုတွေ အစား Rating စနစ်နဲ့ စနစ်တကျသတ်မှတ်ပြီး လွတ်လပ်စွာဖန်တီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းလေး ပြောပြပေးလို့ရမလား။

ဖြေ Rating စနစ်ကိုစောင့်နေတာ အစိုးရသစ်ရဲ့သက်တမ်းတစ်ခုကုန်ပြီး နောက်သက်တမ်းတစ်ခု စတော့မယ်။ ရေရေရာရာရှိမနေဘူး။ စစ်အစိုးရလက်ကျန် ဥပဒေဟောင်း၊ မူဝါဒအဟောင်းတွေနဲ့ ရုပ်ရှင်မရိုက်ချင်တော့ပါဘူး။ ဒါကြောင့် Rating စနစ် ဖြစ်ပေါ်လာစေဖို့ ကြိုးပမ်းနေကြတာပါ။

မေး စနစ်နဲ့ဖန်တီးခွင့်ရဖို့ အရင်ကလည်း ကြိုးစားခဲ့တာတွေရှိပေမဲ့ အခုထိအောင်တော့ ဆင်ဆာစနစ်နဲ့ပဲ ဖြတ်သန်းနေကြရတုန်းပဲနော်။ Rating စနစ်သာ တကယ်အကောင်အထည်ပေါ်လာမယ်ဆိုရင် ဘယ်လိုအကျိုးရလဒ်တွေ အဓိကရလာမယ်လို့ထင်လဲ။

ဖြေ ရုပ်ရှင်ကို ရုပ်ရှင်နဲ့တူအောင် ရိုက်လာနိုင်ပါမယ်။

မေး  လူငယ်မျိုးဆက်သစ်ဖန်တီးသူတွေ အများကြီးထွက်လာကြတယ်။ ဖန်တီးမှုအသစ်တွေကို တင်ပြလာကြတယ်။ ပြည်တွင်းမှာရောနိုင်ငံတကာမှာပါ လက်ခံလာကြတယ်။ ဆင်ဆာဆိုတဲ့ ကန့်သတ်မှုတွေသာမရှိရင် ဘယ်လောက်အထိ လွတ်လပ်စွာဖန်တီးခွင့် ရလာမယ်လို့ထင်လဲ။

ဖြေ ကျွန်တော်တို့ Society ကခွင့်ပြုတဲ့ အတိုင်းအတာအထိ လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ပါလိမ့်မယ်။ မေးခွန်းထဲမှာပါတဲ့အတိုင်း ကန့်သတ်မှုတွေရှိတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ထိန်းထားတာဆိုလို့ ကျွန်တော်တို့အသိဉာဏ်ပဲ ရှိပါလိမ့်မယ်။

မေး  ရုပ်ရှင်ဥပဒေရေးဆွဲထားတယ်။ ပြင်ဆင်ဖို့လည်းအကြံပြုနိုင်တယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ဘယ်လိုအချက်အလက်တွေ ပါဝင်သလဲဆိုတာမျိုး သေချာမသိရတဲ့အခြေအနေလည်း ရှိတယ်ဆိုတော့ ဒီအခြေအနေကို ဘာများပြောချင်ပါသလဲ။

ဖြေ သိရပါတယ်။ ကျွန်တော်တို့ဆီမှာ ဦးလူမင်းလက်ထက်က ရေးဆွဲခဲ့တဲ့ ရုပ်ရှင်ဥပဒေ မူကြမ်းတစ်ခု၊ ဦးဇင်ဝိုင်းလက်ထက်က ရေးဆွဲခဲ့တဲ့ ရုပ်ရှင်ဥပဒေ မူကြမ်းတစ်ခုရှိတယ်။ ကျွန်တော်တို့ ဒီဥပဒေမူကြမ်းတွေကို ဖတ်နေကြပါတယ်။

မေး ရုပ်ရှင်ဥပဒေသစ်မှာ မဖြစ်မနေ ထည့်သွင်းချင်တဲ့အချက်တွေဆိုတာမျိုး စဉ်းစားထားတာ၊ ပြင်ဆင်ထားတာရှိမလား။

ဖြေ ရုပ်ရှင်ဥပဒေသစ်မှာ မဖြစ်မနေထည့်သွင်းရေးဆွဲရမယ့်အချက်ကတော့ Rating System ပါ။

မေး ရုပ်ရှင်နှစ် ၁၀၀ တိုင်လာချိန်မှာ ရုပ်ရှင်မျိုးဆက်သစ်တွေရဲ့ ကိုယ့်အားကိုယ်ကိုး ကြိုးပမ်းမှုတွေနဲ့ လမ်းကြောင်းသစ်ဖောက်တာတွေက လမ်းစတော့မြင်နေရပြီပေါ့။ ဒါပေမဲ့ ရုပ်ရှင်တွေရဲ့စီမံမှုအပိုင်းတွေ ကိုကိုင်ထားသူတွေက လမ်းဟောင်း၊ အတွေးဟောင်းတွေကို ကိုင်ထားဆဲဆိုတော့ ဘယ်လိုတွေ ပြုပြင်ပြောင်းလဲသင့်တယ်လို့ထင်လဲ။

ဖြေ ရုပ်ရှင်ဥပဒေသစ် လွှတ်တော်ထဲရောက်အောင် လုပ်ဆောင်သွားရမှာပါ။

မေး ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ရုပ်ရှင်အစည်းအရုံးအမှုဆောင်သစ် ရွေးကောက်ပွဲလုပ်ဖို့လည်းရှိနေတော့ ဒီလိုနေရာမျိုးမှာ ခေတ်ရဲ့ပြောင်းလဲလာမှုနဲ့အတူ တွေးခေါ်မြော်မြင်နိုင်တဲ့လူငယ်တွေ ဘယ်လောက်ပါဝင်ဖို့ လိုအပ်မယ်လို့ထင်လဲ။

ဖြေ ရုပ်ရှင်အစည်းအရုံးဝင်ဖြစ်ဖို့တောင် လူငယ်တွေအတွက် အလှမ်းကွာတဲ့သတ်မှတ်ချက်တွေ ရှိနေတယ်။ ကျန်တာတွေက အဝေးကြီးပါ။ ပြီးတော့အမှုဆောင်တွေ ဘယ်လိုပြောင်းပြောင်း ရှေးရိုးဆွဲတဲ့ ဦးဆောင်မှုမပြောင်းရင် ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ အဲဒါကြောင့် လူငယ်တွေကလည်း ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင်ရွေးပွဲကို စိတ်ဝင်စားမှာမဟုတ်ဘူး။

မေး ကိုဗစ်ကာလအလွန်မှာနယ်ပယ်တိုင်းက အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိနေတယ်။ ရုပ်ရှင်အခန်းကဏ္ဍအတွက်လည်း စိန်ခေါ်မှုအကြီးကြီးရှိမယ်လို့ထင်ပါတယ်။ အဲဒီအတွက် ဘာများပြင်ဆင်ထားသင့်လဲ။

ဖြေ ရုပ်ရှင်ပဲရိုက်တတ်တော့ ရုပ်ရှင်ရိုက်ဖို့ပဲ ပြင်ဆင်ထားပါတယ်။

မေး ကိုဏကြီးရဲ့ဖန်တီးမှုအနေနဲ့ အသစ်ဖန်တီးဖို့ဘာ တွေပြင်ဆင်ထားလဲ။ ရိုက်ကူးလက်စဇာတ်ကားရော ကျန်သေးလား။

ဖြေ ကျွန်တော့်ရဲ့ဒုတိယမြောက်ရုပ်ရှင် မအူဝဲ (အိန္ဒြာကျော်ဇင်) နဲ့ သုသု (ပိုင်ဖြိုးသု) တို့ ပါဝင်ထားတဲ့ဇာတ်ကားက post production အားလုံးပြီးနေပါပြီ။ ရုပ်ရှင်ရုံတွေပြန် အဖွင့်ကိုစောင့်နေတာပါ။ လက်ကျန်ကတော့ ဦးဝဏ္ဏရဲ့ ‘ချစ်ခင်စ မှော်ရုံမှာလေ’ ကို ကျွန်တော်တို့ရေနံချောင်းမှာသွားရိုက်နေတာ COVID ကြောင့် ရပ်ထားပါတယ်။ ရိုက်ဖို့ သုံးလေးရက်ကျန်ပါသေးတယ်။

မေး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ မရှိပါဘူး။

Most Read

Most Recent