ကမ်းလွန်စီမံကိန်းများမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရာခိုင်နှုန်း ၅၀၊ တရုတ်နိုင်ငံသို့ ရာခိုင်နှုန်း ၂၀ တင်ပို့ရောင်းချမည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုအတွက် ရာခိုင်နှုန်း ၃၀ ခန့်ရောင်းချရန် ခန့်မှန်းထား

ကမ်းလွန်စီမံကိန်းများမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရာခိုင်နှုန်း ၅၀၊ တရုတ်နိုင်ငံသို့ ရာခိုင်နှုန်း ၂၀ တင်ပို့ရောင်းချမည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုအတွက် ရာခိုင်နှုန်း ၃၀ ခန့်ရောင်းချရန် ခန့်မှန်းထား
ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
Published 29 November 2020
နီလာ

ကမ်းလွန်စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရာခိုင်နှုန်း ၅၀၊ တရုတ်နိုင်ငံသို့ ရာခိုင်နှုန်း ၂၀ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုအတွက် ရာခိုင်နှုန်း ၃၀ ခန့် ရောင်းချမည်ဟု ခန့်မှန်းထားကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ပြည်တွင်းသုံးအတွက် လျာထားချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ CNG ထုတ်လုပ်ရေးအတွက် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေးအတွက် လေးရာခိုင်နှုန်းနှင့် အခြားကဏ္ဍနှင့် လုပ်ငန်းသုံးများအတွက် ၄ ဒသမ ၈ ရာခိုင်နှုန်း သုံးစွဲလျက်ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေ၏ ရာခိုင်နှုန်း ၈၀ မှာ ကမ်းလွန်စီမံကိန်းမှ ရငွေများဖြစ်ပြီး စီမံကိန်းသစ်များမှ စီးပွားဖြစ်ထုတ်လုပ်နိုင်မှုအခြေအနေများ မရှိသေးကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

COVID-19 ကြောင့် ကမ္ဘာ့ရေနံစျေးနှုန်း ကျဆင်းမှုနှင့်အတူ လက်ရှိ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသည့်ရတနာ၊ ရဲတံခွန်နှင့် ဇောတိကကမ်းလွန်စီမံကိန်းများမှ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည့် သဘာဝဓာတ်ငွေ့ ခန့်မှန်းစျေးနှုန်းကို 1 MMBTU လျှင် ခြောက်ဒေါ်လာဖြင့်လည်း         ကောင်း၊ တရုတ်နိုင်ငံသို့ ရောင်းချသည့် ရွှေကမ်းလွန်စီမံကိန်းအတွက် သဘာဝဓာတ်ငွေ့ခန့်မှန်းစျေးနှုန်းကို 1MMBTU လျှင် ၅ ဒသမ ၂၀ ဒေါ်လာဖြင့်လည်းကောင်း၊ ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၂၀ ဖြင့်လည်းကောင်း ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၂၃၆၆၃ ဒသမ ၁၆ ထုတ်လုပ်ထားပြီး သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၆၁၈ ဒသမ ၂၁ နှင့် ရေအားလျှပ်စစ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၃၅ ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။