အလာဗတ်စ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ဟာဇက် ဒဏ်ရာထပ်မံရရှိ

အလာဗတ်စ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ဟာဇက် ဒဏ်ရာထပ်မံရရှိ
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 29 November 2020

ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား ဟာဇက်သည် မနေ့က အလာဗတ်စ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ဒဏ်ရာထပ်မံရရှိခဲ့ကြောင်း သိရသည်။

ယင်းပွဲမှာ ဟာဇက်အတွက် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် တတိယမြောက် ပွဲထွက်ခွင့်ရသည့်ပွဲဖြစ်ပြီး ဝဲဘက်ဒူးထိခိုက်မိသဖြင့် ပထမပိုင်း ၂၈ မိနစ်မှာပင် လူစားလဲခဲ့ရသည်။ ဟာဇက်သည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး ပြီးခဲ့သည့်ရာသီကလည်း လာလီဂါပြိုင်ပွဲ၌ ၁၄ ပွဲသာ ပွဲထွက်ကစားခွင့်ရသလို တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ထို့ပြင် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုရာသီအစ ပွဲစဉ်အချို့ကိုလွဲချော်ခဲ့ရပြီး နိုဝင်ဘာလဆန်း တွင်လည်း COVID-19 ရောဂါ Positive တွေ့ရှိသဖြင့် ဘယ်လ်ဂျီယံအသင်း၏ပွဲစဉ်များကိုပါ လွဲချော်ခဲ့ရသည်။ ၎င်း၏ဒဏ်ရာ နှင့်ပတ်သက်၍ နည်းပြ ဇီဒန်းက "ဒါက သာမန်ထိခိုက်မှုပဲဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလိုဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ ထိခိုက်မိရုံပဲဖြစ်ပြီး ကြွက်သားဒဏ်ရာမဟုတ်ဘူးလို့ သူက ပြောပါတယ်" ဟု ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် အလာဗတ်စ်အသင်းအား (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး အမှတ်ပေးပြိုင်ပွဲ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးကာ ၁၀ ပွဲအပြီးတွင် ၁၇ မှတ်သာရရှိထားသည်။

Most Read

Most Recent