ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောသင့်ပြောထိုက်သည့်အချိန် ပြောနိုင်ရန်အတွက် တပ်မတော်သားများ  မဲပေးခဲ့သည့် မြို့နယ် ၂၀၀ ကျော်တွင် တပ်မတော်က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောသင့်ပြောထိုက်သည့်အချိန် ပြောနိုင်ရန်အတွက် တပ်မတော်သားများ  မဲပေးခဲ့သည့် မြို့နယ် ၂၀၀ ကျော်တွင် တပ်မတော်က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ
Published 27 November 2020
အောင်မင်းသိန်း၊ဇေယျာထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောသင့်သည့်အချိန် ပြောရန်အတွက် တပ်မတော်သားများ ပြင်ပမဲရုံများတွင် မဲပေးခဲ့သည့် မြို့နယ် ၂၀၀ ကျော်တွင် အခြေအနေအမှန်များ သိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက  တိုင်ကြားထားသည့် အမှုများအပေါ် ပြောကြားမှုနှင့်ပတ်သက်၍    တပ်မတော်၏ သဘောထားကို သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အစိုးရက တာဝန်ပေးခန့်အပ်တဲ့ မည်သည့် အဖွဲ့အစည်း၊ ကော်မတီ၊ ကော်မရှင်မဆို တည်ဆဲဥပဒေများကို လိုက်နာဖို့လိုပါတယ်။ လေးစားဖို့လိုပါတယ်။ ဥပဒေကို ကျော်လွန်ပြီး လုပ်ကိုင်တာတွေရှိရင် တည်ဆောက်နေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခုကပြောတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောကြားချက်အပေါ်မှာတော့ တပ်မတော်အနေနဲ့ သီးခြားမှတ်ချက်ပေးစရာမရှိပါဘူး။ တပ်မတော်အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ တွေ့ရှိချက်တွေကို ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလ၌ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်ဆိုပြီး ကျွန်တော်တို့ ထုတ်ပြန်ခဲ့တာရှိတယ်။ ယခုလည်း ကျွန်တော်တို့ တပ်မတော်သားများ ပြင်ပမဲရုံတွေမှာ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်ရှိပါတယ်။ အဲ့ ၂၀၀ ကျော်မှာတော့ ကျွန်တော်တို့ကတော့ အခြေအနေမှန်များ သိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို ပြောသင့်တဲ့အချိန်၊ ပြောသင့်တဲ့ အကြောင်းအရာ၊ ပြောသင့်တဲ့အချက်တွေရှိလာရင် အသိပေးပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယခုကဲ့သို့ တပ်မတော်ကစုံစမ်းစစ်ဆေးရန်လုပ်ဆောင်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီက လုပ်ဆောင်နေသည့် လုပ်နည်းလုပ်ဟန်နှင့်တူနေကြောင်း မေးမြန်းမှုအပေါ် တပ်မတော်၏ ဆောင်ရွက်ချက်သည် ပြည်ခိုင်ဖြိုးပါတီနှင့်သက်ဆိုင်ခြင်းမရှိကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီအချင်းချင်းကြား အငြင်းပွားမှုများသည် တပ်မတော်နှင့်သက်ဆိုင်ခြင်းမရှိကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များတွင်သာ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တာကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးသင့်တာကို မြို့နယ်တွေမှာ၊ ကျွန်တော်တို့နဲ့ပတ်သက်တဲ့မြို့နယ်တွေမှာ၊ ကျွန်တော်တို့တပ်တွေမရှိတဲ့မြို့နယ်တွေမှာ စုံစမ်းစရာအကြောင်းလည်းမရှိပါဘူး။ တပ်တွေရှိတဲ့မြို့နယ်တွေမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ်တွေကိုတော့ စုံစမ်းစစ်ဆေးနေတယ်။ ဘာကြောင့်လုပ်တာလဲဆိုတော့ လုပ်ရတဲ့ အကြောင်းအရင်းကတော့ ဒီဟာသည် ကျွန်တော်တို့အနေနဲ့ ခုနက ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့ဟာတွေ ပြောနိုင်ဖို့အတွက် လုပ်ခြင်းဖြစ်လို့ ပြောချင်တယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည်။

တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(စ)တွင် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန်၊ ပုဒ်မ ၂၀(င)အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိပြီး ပုဒ်မ ၆(စ)အရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်နိုင်ရေးကို ဦးတည်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  တရာမျှတမှုရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်ပြီး ပြောရမည့်အပိုင်းသည် နိုင်ငံရေးပါတီများ၏ အပိုင်းသာဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲတရားမျှတမှုရှိခြင်း၊ မရှိခြင်းဆိုတာသည် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲ အပြီးမှာလည်း သူတို့ပါတီတွေအနေနဲ့ သူတို့ပါတီတွေအပိုင်း သူတို့ဆောင်ရွက်တာပေါ့။ တိုင်တဲ့ ပါတီ တိုင်မယ်၊ မတိုင်တဲ့ပါတီ မတိုင်ဘူး။ ထောက်ခံတဲ့ပါတီထောက်ခံမယ်။ မထောက်ခံတဲ့ပါတီ မထောက်ခံဘူး။ ဒါ တပ်မတော်နဲ့မဆိုင်ဘူး။ သူတို့လုပ်ငန်းတွေပဲ။ တရားမျှတမှု ရှိခြင်း၊ မရှိခြင်းဆိုတာက ဒီဟာနဲ့ပတ်သက်ပြီးတော့ ဥပဒေအရ ဆောင်ရွက်မယ့် အပိုင်းတွေ အားလုံးပြီးတော့ကျမှ ဒါတွေသည် တရားမျှတမှုရှိခြင်း၊ မရှိခြင်းဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောတာက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားသည် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများသည် ပါတီနိုင်ငံရေးမှတဆင့် နိုင်ငံ့အရေးကို ဆောင်ရွက်နေသည့် သူများဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးပါတီမဆို ဒို့တာဝန်အရေးသုံးပါးနှင့် အမျိုးသား အကျိုးစီးပွားအပေါ်တွင် ကာကွယ်စောင့်ရှောက်ရန် လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ယေဘုယျအားဖြင့် ခုနကပြောတဲ့အချက်တွေနဲ့ပြည့်စုံရင် တပ်မတော်နဲ့ မူဝါဒပိုင်းဆိုင်ရာ မည်သည့်ပါတီမဆိုနီးစပ်ပြီးဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်၏ လက်ရှိရပ်တည်ချက်သဘောထားသည် ဒို့တာဝန်အရေးသုံးပါးနှင့် အမျိုးသားအကျိုးစီးပွားအပေါ်မှာ လိုက်နာသည့်၊ လေးစားသည့်ပါတီဆိုပါက  မည်သည့်ပါတီမဆို တပ်မတော်နှင့် မူဝါဒပိုင်းဆိုင်ရာ နီးစပ်ပြီး ပြည်ခိုင်ဖြိုးပါတီအပေါ်တွင်သာမက  ကျန်ပါတီများအပေါ်တွင်လည်း ယင်းသဘောထားအတိုင်းပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

Most Read

Most Recent