ကလော့ပ်လက်ထက် ဂိုးအပြတ်ဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတဲ့ လီဗာပူးလ်

ကလော့ပ်လက်ထက် ဂိုးအပြတ်ဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတဲ့ လီဗာပူးလ်
Published 26 November 2020

လီဗာပူးလ် ၀-၂ အတ္တလန်တာ 

လီဗာပူးလ်အသင်းဟာ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်လက်အောက်မှာ အခုပွဲအပါအဝင် ပြိုင်ပွဲစုံ အိမ်ကွင်းပွဲပေါင်း (၁၃၇)ပွဲ ကစားခဲ့ပြီး ပထမဆုံး ဂိုးပြတ်အရှုံးလည်းဖြစ်ခဲ့ပါတယ်။ ကလော့ပ်က ပွဲဆက်များနေတဲ့ သူ့ရဲ့အမာခံကစားသမားအများစုကို အနားပေးခဲ့ပြီး အယ်လစ်ဆန်၊ ၀ိုင်နယ်လ်ဒမ်း၊ မာနေ၊ ဆာလာတို့နဲ့ ရံကစားခဲ့တာပါ။ တိုက်စစ်မှာ ဖေမီနို၊ ဂျိုတာတို့ကိုကျော်ပြီး အော်ရီဂီကို ပွဲထွက်ခွင့်ပေးခဲ့ပေမဲ့ ဘာမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။  

ပထမပိုင်း (၄၅)မိနစ်စလုံးမှာ ဆာလာရဲ့ဂိုးသွင်းခွင့် ပဲတစ်ကြိမ်ပဲ လီဗာပူးလ်တိုက်စစ်က စွမ်းဆောင်နိုင်ခဲ့တယ်။ တစ်ပွဲလုံးမှာလည်း ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှု တစ်ကြိမ်သာရှိခဲ့ကာ Opta က စတင်ပြုစုတဲ့ ၂၀၀၃-၀၄ ရာသီကစပြီး ပြိုင်ပွဲ အိမ်ကွင်းပွဲတွေမှာ အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အတ္တလန်တာအသင်းအတွက် အဖွင့်ဂိုးကို အီလီချစ်က (၆၀)မိနစ်မှာ သွင်းယူခဲ့ပြီး လီဗာပူလ်းအသင်း ဂိုးပေးလိုက်ရလို့ ဖေမီနို၊ ဖာဘင်ညို၊ ရောဘတ်ဆန်၊ ဂျိုတာတို့ကို တစ်ပြိုင်နက် လူစားသွင်းကစားစေခဲ့ပေမဲ့ (၄)မိနစ်အကြာမှာပဲ ဒုတိယဂိုး ထပ်ပေးလိုက်ရတယ်။ ဒီဂိုးကိုတော့ ဂိုဆန်စ်က သွင်းယူခဲ့တာဖြစ်တယ်။

ဒီပွဲခြေစွမ်းအရ လည်း လီဗာပူးလ်အဖို့ နိုင်ပွဲနဲ့ထိုက်တန်တဲ့စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပါဘူး။ လီဗာပူးလ်အနေနဲ့ ရှုံးထွက်အဆင့်ကို စောစောစီးစီးတက်ရောက်နိုင်မဲ့အခွင့်အရေးကို လက်လွှတ်ခဲ့ရတဲ့အပြင် ပိုဆိုးတာက နောက်ကအသင်းတွေ (၂)မှတ်အကွာနဲ့ ကပ်လိုက်လာလို့ အမှားလုပ်လို့မရတော့တဲ့အခြေအနေ ရောက်သွားခဲ့တယ်။

 

Most Read

Most Recent