၂၀၂၀ ပြည့်နှစ် ဇွန်မှ စက်တင်ဘာအထိ လေးလအတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက် အမှုပေါင်း ၈၀၀ ကျော်ရှိ

၂၀၂၀ ပြည့်နှစ် ဇွန်မှ စက်တင်ဘာအထိ လေးလအတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက် အမှုပေါင်း ၈၀၀ ကျော်ရှိ
Published 25 November 2020
ပြည့်ဖြိုးအောင်

၂၀၂၀ ပြည့်နှစ် ဇွန်မှ စက်တင်ဘာအထိ လေးလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက် အမှုပေါင်း ၈၀၀ ကျော်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက််တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ပေးပို့တိုင်ကြားလာသည့် တိုင်တန်းချက်ပေါင်း ၈၁၈ မှု လက်ခံရရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ပေးပို့မှု ၁၈၈မှု၊ တိုင်တန်းသူများထံ အကြံပြုပြန်ကြားမှု ၈၇ မှု၊ ကွင်းဆင်းစုံစမ်း စစ်ဆေးမှုသုံးမှု၊ မှတ်တမ်းထားရှိမှု ၄၇၃ မှုနှင့်လက်ကျန် ၆၇ မှုတို့ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။

မှတ်တမ်းထားရှိခဲ့သည့် တိုင်တန်းချက် ၄၇၃ စောင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၃၇ အရ တရားရုံးတစ်ခုခု၏ ရှေ့မှောက်၌ စစ်ဆေးကြားနာဆဲအမှုများ တရားရုံးတစ်ခုခု၏ စီရင်ဆုံးဖြတ်ချက်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှုဝင်ရောက်ဆဲအမှုများ၊ တရားရုံး တစ်ခုခုက အပြီးသတ်စီရင်ဆုံးဖြတ်ပြီးသော အမှုများ တိုင်တန်းချက်အင်္ဂါရပ်နှင့် မညီညွတ်သောအမှုများနှင့် ကော်မရှင်က ယခင်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီးသော အမှုများဖြစ်သဖြင့် အရေးယူဆောင်ရွက်ရန် မလိုအပ်သောကြောင့် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားကြောင်း သိရသည်။

ထို့ပြင် တိုင်တန်းချက်များနှင့်စပ်လျဉ်းပြီး လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းအသီးသီးသို့ အကြောင်းကြားစာပေးပို့ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စက်တင်ဘာလအထိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးမှ ပြန်ကြားချက် ၂၆၂ စောင်ကို လက်ခံရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း တိုင်တန်းချက်အပေါ် ပြန်ကြားချက် တစ်စောင်၊ ၂၀၁၉ ခုနှစ်အတွင်း တိုင်တန်းချက်အပေါ် ပြန်ကြားချက် အစောင် ၅၀ နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်တန်းချက်အပေါ် ပြန်ကြားချက် ၂၁၁ စောင်ကို တိုင်တန်းသူ ကာယကံရှင်များထံသို့ ကော်မရှင်မှ ပေးပို့ပြန်ကြားပြီးဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူ့အခွင့်အရေး ဖောက်ဖျက်ခံရကြောင်း တိုင်တန်းခြင်း သို့မဟုတ် စွပ်စွဲခြင်းပြုလိုပါက စာဖြင့် ရေးသားဖော်ပြထားသော တိုင်တန်းချက်တစ်ရပ်ကို လူကိုယ်တိုင်ဖြစ်စေ၊ မှတ်ပုံတင်စာ၊ ပြည်တွင်းပြည်ပ အမြန်အချောပို့ စနစ်ဖြစ်စေ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အမှတ်(၂၇) ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း၊ ဖက်စ်ဖြင့် တိုင်ကြားစာပေးပို့လိုပါက ဖက်စ်ဖုန်းနံပါတ် ၀၁-၆၅၄၆၇၈ သို့ လည်းကောင်း၊ အီးမေးလ်ဖြင့် တိုင်ကြားစာပေးပို့လိုပါက info@mnhrc.org.mm နှင့် protection@mnhrc.org.mm အီးမေးလ် လိပ်စာများသို့လည်းကောင်း ပေးပို့တိုင်ကြား နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တိုင်တန်းချက်တွင် တိုင်တန်းသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်နှင့််အတူ မည်ကဲ့သို့ လူ့အခွင့်အရေးဖောက်ဖျက်ခံရကြောင်းဖြစ်စဉ်ကို ရှင်းလင်းပြည့်စုံစွာ ရေးသားဖော်ပြ၍ တိုင်တန်းသူကိုယ်တိုင် လက်မှတ်ရေးထိုးကာ ပေးပို့ရမည်ဖြစ်ပြီး လိုအပ်ပါက တိုင်ကြားစာပါ ဖြစ်စဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းအထောက် အထားမိတ္တူများ၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် စသည့် အထောက်အထားများကိုပါပူးတွဲ၍ ပြည့်စုံစွာပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။