ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အခြေခံ၍ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များချမှတ်ရမည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အခြေခံ၍ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များချမှတ်ရမည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား
PPST အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်က Online Video Conferencing စနစ်ဖြင့် ပြုလုပ်စဉ်
PPST အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်က Online Video Conferencing စနစ်ဖြင့် ပြုလုပ်စဉ်
Published 25 November 2020

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိုအခြေခံ၍ လာမည့်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်ရမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ PPST ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-SEAO မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်တွင် Online Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီးအဆိုပါ အစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားရာတွင် NCA-SEAO ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ထည့်သွင်းပြောကြားသည်။

“ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း  (၃) ကိုအခြေခံပြီး လာမယ့် အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချမှတ်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးကျင်းပပြီးနောက် PPST အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်သည့်အတွက် ယခုအစည်းအဝေးသည် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် ချမှတ်ရာတွင် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် ယခုအစည်းအဝေးတွင် လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေများ၊ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး အခင်းအကျင်း၊ COVID-19 ကပ်ရောဂါကာ ကွယ်တားဆီးထိန်းချုပ် ကုသရေးကိစ္စများနှင့် အခြားသောအရေးကြီးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့အတူ ယခုအစည်းအဝေးတွင် NCA_SEAO များ၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) ဆက်လက်ကျင်းပနိုင်ရေးကို ညှိနှိုင်းသွားမည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိကျသော မူဝါဒလမ်းညွှန်များကို ချမှတ်ပေးရမည်ဖြစ်ကြောင်းလည်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို နေပြည်တော်တွင် သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီးအဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို အပိုင်းသုံးပိုင်းခွဲ၍ ချုပ်ဆိုခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း (၁) တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ အပိုင်း (၂) တွင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဇယား (၁) နှင့် အပိုင်း (၃) တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူသဘောတူညီချက် ငါးချက်တို့ ပါဝင်သည်။

Most Read

Most Recent