၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ၌ ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများထဲမှ ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းထားသည့် ကိုယ်စားလှယ် ၁၅ ဦးခန့်ရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးဝင်းက ပြောကြားသည်။
“ တင်တာတော့ လာတင်နေကြပြီ။ ၁၅ ယောက်လောက်တော့ရှိပြီ။ သတ်မှတ်ပုံစံနဲ့ လာတင်ရမှာပေါ့။ သတ်မှတ်ပုံစံ ပုံစံ (၂၀) ဆိုတာ ရှိတယ်။ အဲဒီ ပုံစံ (၂၀) မှာ မြို့နယ်တရားသူကြီး လက်မှတ်ထိုးပြီးတော့ အဲဒါလာတင်ရမှာလေ” ဟု ဦးအောင်စိုးဝင်းက ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ နှစ်နေရာနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် မြေရှစ်နေရာအတွက် နိုင်ငံရေးပါတီပေါင်း ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၈ ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ပါဝင်သည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၁၀ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ စသည့် နိုင်ငံရေးပါတီများ အပါအဝင် ပါတီပေါင်း ၁၁ ပါတီနှင့် တစ်သီပုဂ္ဂလကိုယ်စားလှယ်လောင်းတို့က ပြည်သူ့လွှတ်တော်နေရာ၌ ကိုယ်စားလှယ်လောင်း ၅၅ ဦးနှင့် အမျိုးသားလွှတ်တော်နေရာ၌ ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေတွင်ပါဝင်သည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေများဖြစ်သော လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိနှင့် ဒက္ခိဏသီရိ မဲဆန္ဒနယ်မြေများနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ နှစ်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ပြီး ဇေယျာသီရိ မဲဆန္ဒနယ်မြေတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။
ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းပုံစံ (၂၀) ကို အမည်စာရင်း တင်သွင်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တင်သွင်းကြရမည်ဟု UEC ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်းခံရမည်ဟု ဖော်ပြပါရှိသည်။
ရွေးကောက်ပွဲနည်းဥပဒေများအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ကျပ် သိန်း ၁၀၀ သုံးစွဲခွင့်ရှိပြီး တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ကျပ် သိန်း ၁၅၀ သုံးစွဲခွင့်ပြုထားသည်။
ရွေးကောက်ပွဲကာလမဲဆွယ်စည်းရုံးရာတွင် အသုံးပြုခဲ့သည့် ကုန်ကျစရိတ်များ ဖြစ်သော်လည်း စုဝေးမဲဆွယ်ပွဲများတွင် ကျန်းမာရေးဆိုင်ရာပစ္စည်းများ ဖြန့်ဝေမှုကို ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်း ဖော်ပြရန် မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၁ ရက်တွင် ကြေညာထားသည်။
ရွေးကောက်ပွဲနည်းဥပဒေအရ အဆိုပါရွေးကောက်ပွဲကုန်ကျစရိတ်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်က ပေးချေခွင့်ရှိသည်။