(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်တက်ရောက်ခဲ့ပြီး ရခိုင်အရေးနှင့် အတွင်းကျကျဆက်စပ်နေသည့် အကြမ်းဖက်ဝါဒကို မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုရန် ပြောကြား

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်တက်ရောက်ခဲ့ပြီး ရခိုင်အရေးနှင့် အတွင်းကျကျဆက်စပ်နေသည့် အကြမ်းဖက်ဝါဒကို မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုရန် ပြောကြား
  (၃၇) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပနေစဉ်
(၃၇) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပနေစဉ်
Published 13 November 2020
မင်းနိုင်စိုး

Video Conferencing စနစ်ဖြင့်ကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ရခိုင်အရေးနှင့် အတွင်းကျကျ ဆက်စပ်နေသည့် အကြမ်းဖက်ဝါဒ Terrorism ကို မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုကြရန် လိုအပ်ကြောင်း အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Video Conferencing စနစ်ဖြင့် ပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့် မျက်နှာစုံညီ အစည်းအဝေးများကို နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် ယဉ်ကျေးမှုအဖွဲ့က အနုပညာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် အာဆီယံသီချင်းကိုသီဆိုကြောင်း၊ ထို့နောက် ဗီယက်နမ် နိုင်ငံသမ္မတ Mr.Nguyen Phu Trong က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဝန်ကြီးချုပ် Mr. Nguyen XuanPhuc က အဖွင့်အမှာ စကားများပြောကြား၍ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ခဲ့သည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Mr.Nguyen XuanPhuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ညွှန်ကြားရေးမှူချုပ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အာဆီယံအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဆီယံ၏ပြင်ပဆက်ဆံရေး၊ အာဆီယံ၏ အချက်အချာကျမှု ဆက်လက်ထိန်းသိမ်းရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ်တွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အာဆီယံခေါင်းဆောင်များက ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံကို အောင်မြင်စွာ ဦးဆောင်မှုပေးနိုင်ခဲ့သည့်အတွက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်အား ချီးကျူးဂုဏ်ပြုကြောင်းနှင့် မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေး ကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့ကြကြောင်းလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းတစ်ရပ်ပြောကြားရာ၌ ပထဝီမဟာဗျူဟာ အခင်းအကျင်းပြောင်းလဲနေခြင်းနှင့် အင်အားကြီးနိုင်ငံများအကြား တင်းမာမှုမြင့်တက်လာခြင်းတို့ကို ထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် အာဆီယံအနေဖြင့် အဖွဲ့အစည်းအတွင်းစည်းလုံးညီညွတ်မှုနှင့် ပြင်ပ၏ တည်ငြိမ်အေးချမ်းမှုတို့ကို တိုးမြှင့်ဖော်ဆောင်သွားရန်လိုအပ်ကြောင်း၊ သဘောထားကွဲပြားမှု မြင့်တက်ပြီး မဟာမိတ် အုပ်စုအသစ်များတည်ထောင်ရန် ကြိုးပမ်းမှုများရှိလာချိန်တွင် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အချက်အချာကျမှုတို့ကို ပိုမိုတိုးတက်ခိုင်မာစေရန် အရေးကြီးကြောင်း ပြောကြားသည်။

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာတွင် နိုင်ငံတစ်ဝန်း၌ ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိမှုတို့ကို ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရအနေဖြင့်အကောင်း ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ၏ အရေးကိစ္စကိုဖြေရှင်းရာတွင် မိမိတို့အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သူများသည် နည်းပညာကိုအလွဲသုံးစားပြု၍ COVID-19  ကြောင့် ဖြစ်ပေါ်လာသည့် ပုံမှန်အနေအထားသစ်နှင့်အညီ အလျင်အမြန်ပြုပြင်၍ လှုပ်ရှားမှုများ ပြုလုပ်လာနိုင်သည့်အတွက် လူကုန်ကူးမှုပြဿနာသည် ဒေသအတွက် အန္တရာယ်ကြီးမားနေဆဲဖြစ်ကြောင်း၊ မည်သည့်ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ လူကုန်ကူးမှုပြဿနာကို သည်းခံခွင့်လွှတ်ခြင်း ပြုရမည်မဟုတ်သကဲ့သို့ ရခိုင်အရေးကိစ္စနှင့် အတွင်းကျကျ ဆက်စပ်မှုရှိနေသည့် အကြမ်းဖက်ဝါဒ (Terrorism) ကိုလည်း မည်သည့်နည်းနှင့်မျှ လက်ခံခြင်းမပြုကြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အကြမ်းဖက်ဝါဒသည် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား သဟဇာတရှိမှုကို ပျက်ပြားစေခဲ့သည်အလျောက် အသိုက်အဝန်းများကို ပိုမိုကွဲပြားမှုဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များနှင့် ယင်းတို့၏ ၀ါဒဖြန့်မှုများကို ရပ်တန့်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုတို့နှင့်သက်ဆိုင်သည့် အဆိုပါပြဿနာများကိုဖြေရှင်းရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။                        

 

Most Read

Most Recent