လာမည့်ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ဝေဖန်မှုများ၊ ပြဿနာများမရှိစေရေးအတွက် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေးကို အနိုင်ရပါတီ လွှတ်တော်စတက်သည်နှင့် စဉ်းစားရန် PACE တိုက်တွန်း

လာမည့်ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ဝေဖန်မှုများ၊ ပြဿနာများမရှိစေရေးအတွက် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေးကို အနိုင်ရပါတီ လွှတ်တော်စတက်သည်နှင့် စဉ်းစားရန် PACE တိုက်တွန်း
Published 11 November 2020
ဉာဏ်လင်းထွန်း

လာမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ယခုကျင်းပခဲ့သော ရွေးကောက်ပွဲကဲ့သို့ ဝေဖန်မှုများ၊ ပြဿနာများမရှိစေရေးအတွက် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေးကို အနိုင်ရပါတီ လွှတ်တော်စတက်သည်နှင့် စဉ်းစားရန် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အဖွဲ့က တိုက်တွန်းသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ့ ရှိချက်များနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည့်   သတင်းစာရှင်းလင်းပွဲတွင် PACE တာဝန်ရှိသူများက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အထွေထွေရွေးကောက်ပွဲနေ့ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တည်ငြိမ်၊ အေးချမ်းသည်ဟု သုံးသပ်နိုင်သော်လည်း ရွေးကောက်ပွဲအကြိုကာလတွင် ကော်မရှင်နှင့်ပတ်သက်၍ အငြင်းပွားစရာများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် ရွေးကောက်ပွဲဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပြုသည်။

“အခုနိုင်တဲ့ နိုင်ငံရေးပါတီတွေ လွှတ်တော်ထဲရောက်တာနဲ့ Day-1 ကနေစပြီး တော့ နောက် ၂၀၂၅ ရွေးကောက်ပွဲမှာ အခုလိုမျိုး ဝေဖန်ချက်တွေမဖြစ်အောင်၊ ဒီလိုပြဿနာတွေမဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေမူဘောင်နဲ့ပတ်သက်ရင် ဘယ်လိုဟာတွေ ပြင်ကြမလဲ။ အဲဒါကို စ စဉ်းစားဖို့ကောင်းတယ်” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြို ကာလကပင် အာဏာရပါတီကိုဘက်လိုက်မှုရှိကြောင်း ဝေဖန်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင်လည်း ရွေးကောက်ပွဲသည် တရားမျှတ၊ လွတ်လပ်မှုမရှိကြောင်း ပါတီအချို့၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

၂၀၀၈ အခြေခံဥပဒေနှင့် လက်ရှိရွေးကောက်ပွဲဥပဒေများအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီမှ ဖွဲ့စည်းရခြင်းဖြစ်သောကြောင့် ဥပဒေပြင်ဆင်နိုင်ခြင်းမရှိလျှင် လာမည့်ရွေးကောက်ပွဲတွင် လည်းယခုကဲ့သို့ ပြဿနာမျိုးကြုံတွေ့ရမည်ဟု PACE အမှုဆောင်ဒါရိုက်တာက ဆိုသည်။

“နို့မို့ဆိုရင် ၂၀၂၅ ဇူလိုင်လလောက်ဆိုရင် ဒီလိုပြဿနာက နောက်ထပ်ပြန်ကြုံရမယ်။ အဲဒီလိုမကြုံရအောင် အနိုင်ရတဲ့နိုင်ငံရေးပါတီတွေ၊ အနိုင်ရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ရင် ဘယ်လိုလုပ်မလဲ။ မဲဆန္ဒရှင်ပြုစုတာကို ဘယ်လိုလုပ်မလဲ။ မဲရုံတွေကို ဘယ်လို Set Up လုပ်မလဲ။ ဘယ်လိုတွက်ချက်ထားမလဲ။ ဒီလိုအရေးကြီးတဲ့ကာလမှာကော ဘယ်လိုစဉ်းစားမလဲ။ အဲဒါမျိုးကို တစ်စုံလုံး စပြီးတော့မှ စဉ်းစားသင့်တယ်။ ကော်မရှင်ကို ဘယ်လိုရွေးချယ်မလဲ။ ဒါကိုလာမယ့် နိုင်ငံရေးပါတီနဲ့ အစိုးရအဖွဲ့အနေနဲ့ စဉ်းစားဖို့ တိုက်တွန်းချင်တယ်” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်းများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး တတိယအကြိမ် လွှတ်တော်သက်တမ်းကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။

လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ရွေးကောက်ပွဲဥပဒေတွင် ပါရှိသော အသုံးအနှုန်းဆိုင်ရာ စကားရပ်အချို့၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းနှင့်  စပ်လျဉ်းသည့် ပုဒ်မအချို့နှင့် နည်းဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ပြောင်းလဲမှုရှိခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှုနှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ခဲ့ခြင်းမရှိဟု PACE အဖွဲ့မှ သိရသည်။

“ကော်မရှင်ရဲ့ ဖွဲ့စည်းပုံ၊ ကော်မရှင်ရဲ့ တာဝန်နဲ့ဝတ္တရား၊ လုပ်ပိုင်ခွင့် အဲဒါတွေနဲ့ ပက်သက်လို့ ပြင်ဆင်တာတွေ မရှိဘူး” ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနေ့တွင် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက် အနည်းငယ်မှလွဲ၍ ကြီးမားသော ပြဿနာတစ်စုံတစ်ရာမရှိဘဲ အေးချမ်း၊ တည်ငြိမ်စွာ ပြီးစီးသည်ဟုဆိုနိုင်ကြောင်း PACE တာ ဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

PACE သည် ရွေးကောက်ပွဲဖြစ်စဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် ကာလတို၊ ကာလရှည် စောင့်ကြည့်လေ့လာသူ စုစုပေါင်း ၂၆၀၀ ခန့် အသုံးပြု လေ့လာခဲ့သည်။

 

Most Read

Most Recent