ရွေးကောက်ပွဲတရားမျှတမှုမရှိဟုဆိုသော စွပ်စွဲချက်များသည် အနည်းစုသာဖြစ်ပြီး အများစုက အဆင်ပြေကြောင်းနှင့် အခြေအမြစ်မရှိသည့်အတွက် ယင်းစွပ်စွဲချက်များကို ထည့်သွင်းစဉ်းစားရန် မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ရှင်းလင်းပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အတိုက်ခံပါတီတစ်ခုဖြစ်သည့် USDP ပါတီဘက်က ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲဟု အပြည့်အဝမယုံကြည်ဘူးဆို၍ ပါတီဥက္ကဋ္ဌကိုယ်တိုင် မီဒီယာများသို့ ပြောကြားထားမှုနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပြောကြားထားမှုများနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးမြင့်နိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“တရားမျှတမှုမရှိဘူးဆိုတာ သူတို့ရဲ့စွပ်စွဲချက်ပဲလေ။ အနည်းစုလေးတွေရဲ့ စွပ်စွဲချက်ပဲ။ ဒီမိုကရေစီဆိုတာ အများစုရဲ့ဆန္ဒကို အလေးပေးရတာပေါ့။ အနည်းစုလေးတွေကတော့ ရှိနေတာပဲ။ တရားမမျှတတဲ့ ရွေးကောက်ပွဲဆိုတာလည်း ဘာမှပေါ်လွင်မှုမရှိဘူး။ ခုနကပြောတဲ့ မျှမျှတတနဲ့ လွတ်လွတ်လပ်လပ်နဲ့ လုပ်ပေးတယ်။ အဲဒီမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေကိုက ထောက်ခံပြီးပြီလေ။ ကြိုဆိုတယ်၊ အသိအမှတ်ပြုတယ်။ သို့သော် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာတော့ ချို့ယွင်းချက်၊ အားနည်းချက်ကလေးတွေတော့ ရှိတယ်။ ဒါကလည်းနောင်ပြုပြင်ဖို့အတွက် သူတို့ ဒါကိုတင်ပြခြင်းဖြစ်တယ်။ အဲဒီတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေကိုက ကြိုဆိုထောက်ခံပြီးဖြစ်တယ်။ အနည်းစုလေးတွေကတော့ ဒီလိုစွပ်စွဲတာက ခိုင်လုံခြေခြေမြစ်မြစ်မရှိတော့ ဘာမှထည့်သွင်းစဉ်းစားစရာမလိုဘူးပေါ့။ ခုနကပြောသလို အဲဒါကိုထည့်သွင်းစဉ်းစားစရာ မလိုဘူး။ အင်မတန် အနည်းငယ်လောက်ကပဲ အခြေအမြစ် မရှိတာလေးတွေပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တပ်မတော်ပူးပေါင်း၍ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် တောင်းဆိုသည့်အပေါ် ကော်မရှင်အနေဖြင့် မည်သို့တုံ့ပြန်ချင်သနည်းဟု မီဒီယာက မေးမြန်းရာတွင် ဦးမြင့်နိုင်က “ဘာမှ ပြောစရာမရှိဘူး။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ခုနကပြောတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကျူးလွန်သလား ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေရှိသလား။ အခန်း ၁၂ မှာ ပြဋ္ဌာန်းထားတယ်။ ဥပဒေကြောင်းအရပဲ သွားဖို့ပဲပေါ့။ ဥပဒေက ပြဋ္ဌာန်းပြီးသား၊ ဥပဒေကြောင်းအတိုင်းပဲ အကာအကွယ်ယူသွားဖို့ပဲရှိပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရရှိလာသော ပုံစံ ၁၉ အား လက်မှတ်မထိုးရန် USDP ပါတီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်တွင် သက်ဆိုင်ရာလွှတ် တော်ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ရွေးကောက်ပွဲကိုယ်စားလှယ်သည် ပုံစံပေါ်တွင် လက်မှတ်ထိုးရမည်ဖြစ်ပြီး လက်မှတ်မထိုးပါက လက်မှတ်ရေးထိုးခြင်းမရှိသူ၏ တာဝန်သာဖြစ်ကြောင်းနှင့် ကော်မရှင်အနေဖြင့် ဥပဒေအရသာ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
“ဘာကို အခြေခံပြီးပြောသလဲဆိုတဲ့ဟာမှ မပေါ်ပေါက်ဘဲနဲ့ ဘာမှပြောစရာမရှိ ဘူးပေါ့။ ဒီလို ယေဘုယျကြီး စွပ်စွဲတာကတော့ ဘာမှပြောစရာမရှိဘူးပေါ့။ အဲဒီလိုပဲ ဒီပြင် ပါတီကြီးသုံးခုက၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကြီး သုံးခုက ကြိုဆိုတယ်၊ ထောက်ခံတယ်၊ လက်ခံတယ်ဆိုတာ ထုတ်ပြန်ထားတာပေါ့။ ဒါကတော့ ဒီမိုကရေစီနည်း၊ ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီ အလေ့အထမှာ ဒီအတိုင်းပဲရှိမှာပေါ့။ ဒါကြောင့်မလို့ ဒီအပေါ်မှာ ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့ ပါတီကြီးသုံးခုလောက်ရှိတယ်။ ကျန်တဲ့ပါတီတွေလည်း လက်ခံတဲ့ပါတီတွေပဲရှိကြပါတယ်။ အဲဒီတော့ ပါတီကြီးတစ်ခုကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်မြင်စွာ အနိုင်ရရှိတဲ့အတွက်ကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်။ ကျန်တဲ့ပါတီကြီးတစ်ခုကလည်းပဲ ရွေးကောက်ပွဲမှာ အဆင်မပြေတာရှိသော်လည်းပဲ ဒီမဲဆန္ဒနဲ့ရလဒ်ဟာ လက်ခံတယ်။ လက်ခံထိုက်တယ်။ အသိအမှတ်ပြုတယ်။ နောက်ပါ တီကြီးတစ်ခုကလည်းပဲ သူတို့ရဲ့ ပါတီသက်တမ်းက နည်းနေသော်လည်းပဲ ဒီလောက်အထိ လူထုက ဆန္ဒ၊ လူထုထံကဆန္ဒမဲတွေ သူတို့ပါတီအတွက်ရရှိတာကို သူတို့ဝမ်းသာတယ်။ အခု လူထုကပေးလိုက် ဆန္ဒမဲရလဒ်ကိုလည်းပဲ လက်ခံတယ်ဆိုတာလေးတွေ ထုတ်ပြန်ထားတာပေါ့။ ဒါကြောင့် ဒီလိုပါတီကြီးတွေရှိလာတာ အင်မတန်မှဝမ်းမြောက်စရာကောင်းတာပေါ့။ ဒါဒီမိုကရေစီကျင့်စဉ် အားကောင်းတဲ့သဘောပေါ့။ အလားအလာ ကောင်းတာပေါ့။ အဲဒီလိုပဲ ဒီဟာကိုမကြိုက်တဲ့ပါတီတွေလည်း ရှိမှာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။















