ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်က ကြေညာလိုက်ပြီဆိုသည်နှင့် လက်ခံရမည့်သဘော ပြောခဲ့ဖူးသော်လည်း ယခုအခါ သတိထားရမည့်အခြေအနေ ဖြစ်လာသည့်အတွက် သတိပေးရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်က ကြေညာလိုက်ပြီဆိုသည်နှင့် လက်ခံရမည့်သဘော ပြောခဲ့ဖူးသော်လည်း ယခုအခါ သတိထားရမည့်အခြေအနေ ဖြစ်လာသည့်အတွက် သတိပေးရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Published 3 November 2020

တရားမျှတသော ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်နှင့် လက်ခံရမည့် သဘောကို ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးစဉ်အခါက ပြောခဲ့ဖူးသော်လည်း ယခုအခါ သတိထားရမည့် အခြေအနေ ဖြစ်လာသည့်အတွက် သတိပေးရခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထားကြေညာချက်ကို နိုဝင်ဘာ ၂ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး အဆိုပါ သဘောထားကြေညာချက်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Popular News Journal တို့ နိုဝင်ဘာ ၃ ရက်၌ ပြုလုပ်ခဲ့သော သီးသန့်အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ၂၀၁၅ ခုနှစ် မဲပေးတဲ့အချိန်မှာ ကျွန်တော့်ကို မေးခဲ့ဖူးတယ်။ အင်တာဗျူးတစ်ခုမှာ ကျွန်တော့်ကို မေးတယ်။ မဲပေးတဲ့နေ့မှာ ကျွန်တော့်ကို မေးတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ ဟာ ခင်ဗျားဗျာလို့၊  ကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဲဒီသဘောပေါ့လေ၊ ရွေးကောက်ပွဲမှာ Result ကို ကြေညာလိုက်ပြီဆိုရင် ဒါ ကျွန်တော် လက်ခံမယ်ဆိုပြီး ကျွန်တော် ပြောခဲ့ဖူးတယ်။ အခုဆိုရင် နည်းနည်း ကျွန်တော်တို့ သတိထားရတဲ့ အခြေအနေဖြစ်လာပြီ။ သတိထားရတဲ့ အခြေအနေဖြစ်လာပြီ။ ဒါကြောင့် မဖြစ်စေချင်ဘူး ဒါမျိုးတွေ။ မဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီး လုပ်လို့ရအောင် ကျွန်တော် သတိပေးတဲ့သဘော ပြောတာပါ”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဟုလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် တပ်မတော်၏ အဆိုပါ သတိပေးချက်သည် ဥပဒေနှင့်ညီညွတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို သွားနေသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပင် နိုင်ငံကို တည်ဆောက်ထားကြောင်း၊ အဆိုပါ အချက်ပေါ်တွင် ခိုင်ခိုင်မာမာ ဖြစ်စေရေးအတွက် တပ်မတော်တွင် ပြောရန်တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပြီး တပ်မတော်က မပြောလျှင် မည်သူပြောမည်နည်းဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

“အခု နိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ်မှာ ဝေဖန်မှုတွေ တဖြည်းဖြည်းနဲ့ ရှိလာပြီ။ ဝေဖန်မှုတွေ ရှိလာပြီ။ ကျွန်တော်တို့ ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာလည်း ရှိပါတယ်။ နိုင်ငံရဲ့ သိက္ခာလည်း ရှိတယ်။ နိုင်ငံရဲ့ သိက္ခာကတော့ အထိခိုက်မခံနိုင်ဘူး ကျွန်တော်တို့က။ ဒါကြောင့် ကျွန်တော်တို့က မဖြစ်စေချင်လို့ ကျွန်တော် ထုတ်ပြောတာ။ တော်ရုံတန်ရုံ ကျွန်တော် ပြောခဲပါတယ်။ ဒါ တော်ရုံတန်ရုံ ကျွန်တော် ပြောခဲတယ်။ မဖြစ်စေချင်လို့ ကျွန်တော် သတိပေးတာပါ။ တာဝန်ယူရမှာကတော့ အစိုးရ တာဝန်ယူရလိမ့်မယ်။ ဒီကိစ္စကို” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် ရွေးချယ်တင်မြှောက်ပွဲသည် အလွန်အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်သည့်အတွက် အဆိုပါ ရွေးချယ်တင်မြှောက်ပွဲသည် စနစ်တကျ မဟုတ်ဘဲ နည်းလမ်းမကျမှုများနှင့် စည်းကမ်းချိုးဖောက်မှုများ ရှိလာပါက တည်ငြိမ်သော ဒီမိုကရေစီစနစ်ဖြစ်ရန် ခဲယဉ်းကြောင်းလည်း အဆိုပါ အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။

Most Read

Most Recent