စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကူလဲကျေးရွာတွင် ကြိုတင်မဲလက်မှတ်များ၏ နောက်ကျောတွင် မြို့နယ်ကော်မရှင်၏ လက်မှတ် မပါသည့်အတွက် ကြိုတင်မဲပေးခြင်းကို ရပ်နားခဲ့ရကြောင်း မင်းကင်းမြို့နယ် ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုဝင်ဘာ ၃ ရက်တွင် မင်းကင်းမြို့နယ် ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဖြစ်စဉ်အသေးစိတ်ကို သွားရောက် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက် တင်ပြမည်ဖြစ်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း မင်းကင်းမြို့နယ် ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက ဆက်လက် ပြောကြားသည်။
“မနက်ဖြန်မှာ မြို့နယ်ကော်မရှင်အဖွဲ့ကနေပြီးတော့မှ ဖြစ်စဉ်ကို စစ်ဆေးမှာပေါ့နော်။ စစ်ဆေးပြီးတော့ ခရိုင်ကော်မရှင်ကို ပို့မယ်။ ခရိုင်ကော်မရှင်ရဲ့ အဆုံးအဖြတ် ရယူသွားမယ်။ ဖြစ်စဉ်က ဘယ်လိုဖြစ်သွားလဲ ဆိုတော့ မဲလက်မှတ်အုပ်ကြီးတွေမှာတော့ ကော်မရှင် လက်မှတ်ထိုးထားတယ် ထင်တယ်။ မဲလက်မှတ်အုပ် အငယ်မှာတော့ ကော်မရှင်လက်မှတ် မထိုးလိုက်ရဘူး။ နောက်ကျောမှာတော့ ကော်မရှင်ရဲ့ တံဆိပ်ဝိုင်း ပါတယ်။ ကြိုတင်မဲလက်မှတ် နှစ်ဆယ်ရွက်လောက်မှ သိသွားတာ။ ကြိုတင်မဲပေးခြင်းကို ရပ်နားခဲ့ရတယ်” ဟု မင်းကင်းမြို့နယ် ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားသည်။
ယင်းကြိုတင်မဲပုံးသည် ရွေးကောက်ပွဲဥပဒေအရ သွားမည်ဆိုပါက ပယ်မဲအဖြစ် သွားနိုင်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများကလည်း ကန့်ကွက်မှု မရှိခဲ့သော်လည်း နစ်နာမှုရှိသည်ဟု အသီးသီးတင်ပြလာကြောင်း မင်းကင်းမြို့နယ် ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက ဆက်လက် ပြောကြားသည်။
မင်းကင်းမြို့နယ်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၆၇၁ ဦးအထိရှိကြောင်း မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်တွင် မဲရုံပေါင်း ၁၃၃ ရုံအထိရှိကြောင်း သိရသည်။
မင်းကင်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ကြောင်း သိရသည်။