ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ငါးမြို့နယ်တွင် ကြိုတင်မဲပေးမည့် လူဦးရေ ၅၄၀၀၀ ကျော်ရှိကြောင်း သိရ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ငါးမြို့နယ်တွင် ကြိုတင်မဲပေးမည့် လူဦးရေ ၅၄၀၀၀ ကျော်ရှိကြောင်း သိရ
Published 3 November 2020
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်ရှိ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံငါးမြို့နယ်တွင် ကြိုတင်မဲပေးမည့် လူဦးရေ ၅၄၀၀၀ ကျော်ရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သတင်းရရှိသည်။

တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် မဲရုံ  ၇၂၃ ရုံ၊ မဲဆန္ဒရှင် ၇၇၀၀၀၀ ကျော်ရှိပြီး နိုဝင်ဘာ ၁ ရက်အထိ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးမှု အခြေအနေမှာ မဲဆန္ဒရှင်ဦးရေ ၃၀၀၀၀ ခန့် လာရောက်မဲပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးခရိုင်တွင်းရှိ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ၁၀ မြို့နယ်တို့တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေမှာ ၁၂ သိန်း ကျော်ရှိပြီး ကော်မရှင်ရုံး အရေအတွက် ၃၉၇ ရုံး၊ မဲရုံအရေအတွက် ၁၁၆၉ ရုံရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရသည်။

တောင်ကြီးခရိုင်၌ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံ၊ ပင်းတယတို့ ငါးမြို့နယ်၊ စုစုပေါင်း ၁၀ မြို့နယ်ရှိကြောင်း သိရသည်။

တောင်ကြီးခရိုင်အတွင်းရှိ ဆန္ဒမဲပေးနိုင်သော မဲဆန္ဒရှင်ဦးရေမှာ တောင်ကြီးမြို့နယ်တွင် ၃၂၀၀၀၀ ခန့်၊ ညောင်ရွှေမြို့နယ်တွင် ၁၃၆၅၃၂ ဦး၊ ကလောမြို့နယ်တွင်  ၁၃၅၈၁၂ ဦး၊ ရပ်စောက်မြို့နယ်တွင် ၁၀၉၁၀၀ ဦး ကျော်၊ ဖယ်ခုံမြို့နယ်တွင် ၆၆၀၅၀ ဦး၊ ခရိုင်ချုပ်အားဖြင့် ၇၇၀၀၀၀ ခန့်ရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မဲရုံ ၃၁၆ ရုံ၊ မဲဆန္ဒရှင် ၃၁၅၆၅၀၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မဲရုံ ၁၃၀ မဲဆန္ဒရှင် ၁၂၁၉၄၅ ဦးရှိကြောင်း သိရသည်။

တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တွင် မဲရုံ ၂၄၅ ရုံ၊ မဲဆန္ဒရှင် ၃၂၀၀၀၀ ကျော်ရှိပြီး ပုံစံ(၁၅) နှင့် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲများ အောက်တိုဘာ ၂၉  ရက်တွင် စတင်မဲပေးခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။

ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုပေါင်း လေးသိန်းခန့်ရှိပြီး ကြိုတင်မဲပေးခြင်း ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့နှင့် ကျောက်တစ်လုံးကြီးမြို့ဟူ၍ မြို့လေးမြို့ပါဝင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၇၅ စု၊ မဲဆန္ဒနယ် အမှတ် (၁)တွင် မဲရုံ ၁၃၂ ရုံ၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) တွင် မဲရုံ ၁၁၃ ရုံ၊ စုစုပေါင်း မဲရုံ ၂၄၅ ရုံ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent