လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နိုင်သည့်ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။
အမည် - ဒေါ်ယဉ်မင်းလှိုင်
အသက် - ၄၇ နှစ်
ပညာအရည်အချင်း - BE (Civil)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါ်ယဉ်မင်းလှိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းအနေဖြင့် နယ်စပ်စည်ပင်တွင် လက်ထောက်အင်ဂျင်နီယာရာထူးဖြင့် ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တရားဝင်ရာထူးမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ ၎င်းသည် NLD ပါတီတွင် ခရိုင်သတင်း၊ ပြန်ကြားရေးတာဝန်ကို ၂၀၁၂ မှစ၍ ဆောင်ရွက်နေသူဖြစ်သည်။ ဂန့်ဂေါ မဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၊ UBP ပါတီ၊ တစညပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - ဦးကျော်ဆန်းအောင်
အသက် - ၄၄ နှစ်
ပညာအရည်အချင်း - B.A (Geography)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးကျော်ဆန်းအောင်သည် ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်် NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် လက်ရှိတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်၏ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်နေရာသို့ ပြောင်းလဲယှဉ်ပြိုင်ရန် NLD ပါတီက ရွေးချယ်ခဲ့သည််။ ဆိပ်ဖြူမဲဆန္ဒနယ်သည် ၂၀၁၀ တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အနိုင်ရရှိပြီး ၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည်။ ဦးကျော်ဆန်းအောင်အနေဖြင့် ယင်းမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် UBP ပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမည် - ဦးမြသောင်း
အသက် - ၅၅ နှစ်
ပညာအရည်အချင်း - B.A (History) Final Year (1988)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးမြသောင်းသည် ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ၂၀၁၀ တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၂ ကြားဖြတ်နှင့်၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ်ဖြစ်သည်။ ထို့ကြောင့် ယင်းမဲဆန္ဒနယ်မြေတွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ အဓိကယှဉ်ပြိင်ရဖွယ်ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ UBP ပါတီနှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အမည် - ဦးဟာမောင်း
အသက် - ၃၉ နှစ်
ပညာအရည်အချင်း - ဥပဒေ (တတိယနှစ်)
လူမျိုး - ချင်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - CNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဟာမောင်းသည် ဆောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ဥပဒေဘွဲ့တက်ရောက်ထားသူဖြစ်သလို ချင်းလူမျိုးတစ်ဦးလညး် ဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် CNLD ပါတီအနေဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်းကြောင့် ဒေသခံများ၏ စိတ်ဝင်စားမှုရရှိနိုင်သည်ဟု သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်တွင်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ဦးဟာမောင်းအနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် UBP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်။
အမည် - ဦးရန်နိုင်မြင့်
အသက် - ၄၅ နှစ်
ပညာအရည်အချင်း - B.Sc (Phys), B.C.Sc (Hons)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - USDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးရန်နိုင်မြင့်သည် ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် လူလတ်ပိုင်း ပညာတတ်တစ်ဦး ဖြစ်သည့်အပြင် ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန််ယူထားသူလည်း ဖြစ်သည်။ ဆိပ်ဖြူမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ဦးရန်နိုင်မြင့်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တစညပါတီနှင့် UBP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - သရေစည်သူဦးစိုးမောင်
အသက် - ၆၇ နှစ်
ပညာအရည်အချင်း - B.Sc (DSA), H.G.P, MA (Defence)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
သရေစည်သူဦးစိုးအောင်သည် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍အနိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သည်။ ထို့ပြင် ဦးသိန်အစိုးရလက်ထက်တွင် သမ္မတရုံးပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၎င်းသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၉ - ၂၀၁၀ ထိ နေပြည်တော် ကကဥတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌနှင့် ရဌပါလအသင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။
အမည် - ဦးဘိုကြီး
အသက် - ၇၁ နှစ်
ပညာအရည်အချင်း - B.Com (A.A);C.P.A
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ချောက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဘိုကြီးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ချောက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ၎င်းသည် စက်မှုဝန်ကြီးဌာနတွင် လုပ်ကိုင်ခဲ့ပြီး ငွေစာရင်းအရာရှိဖြင့် သတ္တုတွင်းဝန်ကြီးဌာနတွင် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် မြို့နယ်အလုပ်အမှုဆောင်တစ်ဦးလည်း ဖြစ်သည်။ ချောက်မဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ယှဉ်ပြိုင်မည်။
အမည် - ဦးဝင်းကိုကို
အသက် - ၃၉ နှစ်
ပညာအရည်အချင်း - ဥပဒေဘွဲ့ (LL.B)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဝင်းကိုကိုသည် မကွေးမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင်် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်။ ၎င်းသည် လူလတ်ပိုင်းတရားလွှတ်တော် ရှေ့နေတစ်ဦးလည်း ဖြစ်သည်။ မကွေးမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပြီး ၂၀၁၂ ကြားဖြတ်နှင့်၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ဦးဝင်းကိုကိုအနေဖြင့် ယခုရွေးကောက်ပွဲတွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - ဒေါ်ဝင်းမော်ထွန်း
အသက် - ၆၂ နှစ်
ပညာအရည်အချင်း - အခြေခံပညာအထက်တန်းအဆင့်
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - USDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရေနံချောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါ်ဝင်းမော်ထွန်းသည် ရေနံချောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ USDP ပါတီမှ ယှဉ်ပြိုင်အနိုင်ရရှိထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည်။ ထို့နောက် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ထို့ကြောင့် ဒေါ်ဝင်းမော်ထွန်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် အာဏာရပါတီ NLD မှ ကိုယ်စားလှယ်လောင်းနှင့် အဓိကယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရသည်။
အမည် - ဦးဖိုး
အသက် - ၆၀ နှစ်
ပညာအရည်အချင်း - B.A (History)
လူမျိုး - ချင်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ငဖဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဖိုးသည် ချင်းလူမျိုးဖြစ်ပြီး ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့်အတွက် ပြည်မပါတီများ အားကောင်းသည့်နေရာတွင် တိုင်းရင်းသားချင်းပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ဦးဖိုးအတွက် ကြိုးစားယှဉ်ပြိုင်ရမည့် အနေအထားဖြစ်သည်။ သို့သော် ဦးဖိုးအနေဖြင့် ယခုရွေးကောက်ပွဲတွင် ပြည်မပါတီကြီးနှစ်ခုအပြင် အရှိုချင်းအမျိုးသားပါတီ၊ တစညပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဒေါက်တာကျော်ဆွေ
အသက် - ၄၄ နှစ်
ပညာအရည်အချင်း - BVSc, Dip in Pharm
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာကျော်ဆွေသည် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီကိုယ်စားပြု၍ ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တိမွေးကုဆရာဝန် တစ်ဦးလည်း ဖြစ်သည်။ တောင်တွင်းကြီးမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့်မဲဆန္ဒနယ်ဖြစ်သည်။ ဒေါက်တာကျော်ဆွေအနေဖြင့် ယင်းပါတီကြီး နှစ်ခုနှင့် အဓိကယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့ ယှဉ်ပြိုင်မည်။
အမည် - ဒေါက်တာမင်းသန့် (ခ) မင်းဌေး
အသက် - ၆၀ နှစ်
ပညာအရည်အချင်း - B.A (Phil), M.A (Phil), M.Res (Phil), P.h D (Phil), HGP
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မြို့သစ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာမင်းသန့် (ခ) မင်းဌေးသည် မြို့သစ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ၎င်းသည် ဒုတိယညွှန်ကြားရေမှူးချုပ်အဆင့်ထိ ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူထားသူဖြစ်သည်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် အသစ်ထူထောင်သည့် ပါတီများအနက် အင်အားကြီးပါတီတစ်ခုဟု ဆိုနိုင်ပြီး ဒေါက်တာမင်းသန့် (ခ) မင်းဌေး ယှဉ်ပြိုင်မှုက စောင့်ကြည့်ရမည့် အနေအထားဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။
အမည် - ဦးဆန်းမောင်
အသက် - ၅၇ နှစ်
ပညာအရည်အချင်း - ၉ တန်းအောင်
လူမျိုး - ချင်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အရှိုချင်းအမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ငဖဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဆန်းမောင်သည် ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် အရှိုချင်း တိုင်းရင်းသားပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ချင်းလူမျိုးဖြစ်သဖြင့် ယင်းမဲဆန္ဒနယ်အတွင်းရှိ ဒေသခံချင်းလူမျိုးများ၏ စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့်အတွက် ပြည်မပါတီများ အားကောင်းသည့်နေရာတွင် တိုင်းရင်းသားချင်းပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးဆန်းမောင်အတွက် ကြိုးစားယှဉ်ပြိုင်ရမည့် အနေအထားဖြစ်သည်။
အမည် - ဒေါက်တာကံဇော်
အသက် - ၆၅ နှစ်
ပညာအရည်အချင်း - ပါရဂူဘွဲ့ (စီးပွားရေးပညာ)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စလင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာကံဇော်သည် စလင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၆ မတ် ၃၀ ရက်အထိ မြန်မာနိုင်ငံအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ် တစ်ခုဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်အဖြစ် သုံးသပ်ရသည်။
အမည် - ဦးအောင်လှိုင်သန်း
အသက် - ၅၄ နှစ်
ပညာအရည်အချင်း - B.A (Geog)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သရက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးအောင်လှိုင်သန်းသည် ပြည်သူ့ပါတီကို ကိုယ်စားပြုပြီး မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သရက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ငါးဦးရှိခဲ့ပြီး NLD ပါတီက ခိုင်လုံမဲအသာဖြင့် အနိုင်ရရှိခဲ့သည်။
အမည် - ဦးပိုက်ထွေး
အသက် - ၅၉ နှစ်
ပညာအရည်အချင်း - B.A (Myanmar)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - USDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကံမမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးပိုက်ထွေးသည် ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ကံမမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဦးပိုက်ထွေးသည် ၁၉၉၃ ခုနှစ်မှစ၍ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယမ်း-မဲသဝေါတိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက်တံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်နှင့် စီမံထူးချွန်ဆု (ဒုတိယအဆင့်) ဆုများ ရရှိထားသည်။
အမည် - ဦးကျော်အောင်လွင်
အသက် - ၅၂ နှစ်
ပညာအရည်အချင်း - B.Sc (Hons) (Chem)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စေတုတ္ထရာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
NLD ပါတီကိုယ်စားပြု၍ ၂၀၂၀ ရွေးကောက်ပွဲတွင် စေတုတ္ထရာမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ဦးကျော်အောင်လွင်ဖြစ်သည်။ ၎င်းသည် လက်ရှိတွင်လည်း ယင်းမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး စေတုတ္ထရာမြို့နယ် မုံညင်း အ.မ.က တွင် အခြေခံပညာမူလတန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် မြို့နယ်ကော်မရှင်အဖြစ် ဆောင်ရွက်ခဲ့ကာ ကျောင်းအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ မိုးကုတ်ရိပ်သာ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ အဆိုပါမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း နှစ်ဦးအပါအဝင် ငါးဦးယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဦးဝဏ္ဏမင်း
အသက် - ၅၁ နှစ်
ပညာအရည်အချင်း - Final (B.A) (Myanmar)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀)
ဦးဝဏ္ဏမင်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ မြို့နယ်စည်ပင်ကော်မတီဝင်တစ်ဦးဖြစ်သော ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီဖြစ်သော NLD ပါတီနှင့် USDP ပါတီတို့မှ ကိုယ်စားလှယ်လောင်း နှစ်ဦးဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀) (ယခင်မဲဆန္ဒနယ်-၅) ၌ ဆန္ဒမဲပေးခွင့်ရှိသူ ၂၅၅၁၈၂ ရှိသည့်အနက် ဆန္ဒမဲပေးသူအရေအတွက်သည် ၇၈ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။
အမည် - ဦးကျော်စွာစိုး (ခ) ဦးကျော်စွာအောင်
အသက် - ၅၅ နှစ်
ပညာအရည်အချင်း - စိတ်ပညာ (ပထမနှစ်)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စလင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးကျော်စွာစိုး (ခ) ဦးကျော်စွာအောင်သည် စလင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုတိုးတက်ရေးပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ယင်းပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အမည် - ဦးဇော်မင်း
အသက် - ၅၈ နှစ်
ပညာအရည်အချင်း - အထက်တန်းအောင်
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂၀၂၀ ရွေးကောက်ပွဲတွင် ဦးဇော်မင်းအနေဖြင့် ပြည်သူ့ပါတီကိုကိုယ်စားပြု၍ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားတိုးတက်ရေးပါတီ၊ တစညပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ NLD ပါတီ၊ USDP ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့ ယှဉ်ပြိုင်ခဲ့သည်။ ဆန္ဒမဲပေးခွင့်ရှိသူ ၁ သိန်း ၃ သောင်း ကျော်ရှိသည့်အနက် မဲပေးသူအရေအတွက်သည် ၁ သိန်းကျော်ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်းကျော်ခဲ့သော နယ်မြေဖြစ်သည်။ ယခုရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ်လောင်း ခြောက်ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဦးနေထက်ဝင်း
အသက် - ၃၇ နှစ်
ပညာအရည်အချင်း - B.A (Business Management)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးနေထက်ဝင်းသည် လက်ရှိအာဏာရပါတီဖြစ်သော NLD ပါတီမှ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူလေးဦးသာရှိသည်။ ဦးနေထက်ဝင်းအနေဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တစညပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ရမည်။
အမည် - ဦးစိုးသန့်
အသက် - ၆၄ နှစ်
ပညာအရည်အချင်း - L.L.B
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကိုယ်စားပြုပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဒုရဲမှူးကြီး (ငြိမ်း) တစ်ဦးဖြစ်သူ ဦးစိုးသန့်ဖြစ်သည်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် NLD ပါတီနှင့် USDP ပါတီတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ် (၁၁) (ယခင် မဲဆန္ဒနယ် -၇) ၌ NLD ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ USDP ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ တစညပါတီတို့က ယှဉ်ပြိုင်ခဲ့ကြသည်။
အမည် - ဦးအောင်ကြည်ညွန့်
အသက် - ၆၈ နှစ်
ပညာအရည်အချင်း - B.Ag, H.G.P
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆)
NLD ပါတီ၏ အမာခံတစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) (ယခင် မဲဆန္ဒနယ်- ၄) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် မဲဆန္ဒနယ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ဦးအောင်ကြည်ညွန့်သည် ၈၈ ဒီမိုကရေစီအရေးအခင်းတွင် ချောင်းဆုံမြို့နယ်မှ သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ NLD ပါတီ (ချောင်းဆုံမြို့နယ်) စတင်တည်ထောင်ပြီး စည်းရုံးရေးမှူး၊ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။
အမည် - ဦးပြူးလွင်
အသက် - ၅၇ နှစ်
ပညာအရည်အချင်း - B.Sc (Chem)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)
ဦးပြူးလွင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂) မှ ယှဉ်ပြိုင်အနိုင်ရရှိထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၁၉၈၄ မှ ၁၉၈၅ အထိ ပခုက္ကူကောလိပ်၊ ၁၉၈၆ မှ ၁၉၈ရအထိ မကွေး ဒီဂရီကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ပညာရေးဌာန၌ အလယ်တန်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တိုင်းတောင်သူ ကော်မတီဝင်အဖြစ်လည်းကောင်း၊ စာကြည့်တိုက်မှူးအဖြစ်လည်းကောင်း၊ နာရေးကူညီမှုအသင်း နာယကအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ယင်းမဲဆန္ဒနယ်တွင် ဦးပြူးလွင်သည် CNLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ UBP ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - ဦးသက်ခိုင်
အသက် - ၄၄ နှစ်
ပညာအရည်အချင်း - နဝမတန်းအောင်
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြု၍ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ဦးသက်ခိုင်ဖြစ်သည်။ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သော ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် NLD ပါတီ၊ UBP ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် USDP ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါမဲဆန္ဒနယ်မြေ (ယခင်မဲဆန္ဒနယ်-၉) ၌ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၀၄၉၂၆ ဦးရှိရာ ဆန္ဒမဲပေးသူသည် ၂၂၀၂၄၂ ဦးရှိခဲ့ပြီး မဲပေးသူဦးရေ ၇၂ ရာခိုင်နှုန်းရှိခဲ့သည်။ ရွေးကောက်ပွဲရလဒ်အနေဖြင့် NLD ပါတီက ခိုင်လုံမဲ ၁၅၆၅၂၉ မဲရရှိပြီး အနိုင်ရရှိခဲ့သည်။
အမည် - ဒေါက်တာကျော်ငွေ
အသက် - ၆၄ နှစ်
ပညာအရည်အချင်း - M.B.B.S (ဆေးသိပ္ပံပညာဘွဲ့)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄)
ဒေါက်တာကျော်ငွေသည် လက်ရှိတွင် မဲဆန္ဒနယ်အမှတ် (၁၀) (ယခုအမှတ်- ၄) မှ အနိုင်ရရှိထားသော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ်မှ ယနေ့ထိ မျက်ကြည်လူဝတိုင်းရင်းဆေးထုတ်လုပ်ငန်း၊ ၂၀၀၃ ခုနှစ်မှ ယနေ့ထိ သနပ်ခါးခြံစိုက်ပျိုးရေးကို လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ ၎င်းသည် ဆေးတက္ကသိုလ် (မန်း) တွင် ၁၉၇၆-၁၉၇၇ ထိ လမ်းစဉ်လူငယ်အဖွဲ့ဝင်အဖြစ်လှုပ်ရှားခဲ့ပြီး ၁၉၉၀ တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၂ တွင်မြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပါတီဗဟိုကော်မတီဝင်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒေါက်တာကျော်ငွေအနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိရန် အလားအလာကောင်းသည်ဟု ဆိုနိုင်သည်။
အမည် - ဦးဟန်လင်းထွန်း
အသက် - ၃၅ နှစ်
ပညာအရည်အချင်း - B.Sc (Chem)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉)
ဦးဟန်လင်းထွန်းသည် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၉) တွင် ပြည်သူ့ပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည်။ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းတွင် ကျူရှင်ဆရာအဖြစ်လုပ်ကိုင်သော ၎င်းအနေဖြင့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ UBP ပါတီ၊ NLD ပါတီနှင့် USDP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) (ယခင်မဲဆန္ဒနယ်-၆) ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ သုံးခုယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီက အနိုင်ရရှိခဲ့သည်။
အမည် - ဦးလိန်းထန်း
အသက် - ၃၃ နှစ်
ပညာအရည်အချင်း - ဒသမတန်း
လူမျိုး - ချင်း
ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်
ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)
ဦးလိန်းထန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေ အမှတ်(၁) (ယခင်မဲဆန္ဒနယ်-၁၂) ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့ ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီကိုယ်စားလှယ်က ခိုင်လုံမဲ တစ်သိန်းကျော်ဖြင့် အနိုင်ရရှိခဲ့သည်။ ဦးလိန်းထန်းအနေဖြင့် ရွေးကောက်ပွဲတွင် ပြည်မပါတီသုံးခုနှင့် အပြိုင်အရွေးချယ်ခံရမည်ဖြစ်သည်။
အမည် - ဦးရွှေလေး
အသက် - ၆၅ နှစ်
ပညာအရည်အချင်း - ၁၀ တန်း (ခ) အဆင့်
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃)
ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားပြု၍ မကွေးတိုင်းဒေသကြီး အမျိိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဦးရွှေလေးဖြစ်သည်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် NLD ပါတီ၊ UBP ပါတီနှင့် USDP ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၃) (ယခင် မဲဆန္ဒနယ်-၁၁) ၌ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းအရေအတွက်သည် လေးဦးရှိခဲ့သည်။ မဲဆန္ဒရှင် ၃၂၀၀၀၀ ကျော်ရှိသော ယင်းမဲဆန္ဒနယ်တွင် NLD ပါတီက ခိုင်လုံမဲ ၁၃၀၀၀၀ ကျော်ဖြင့် အနိုင်ရရှိထားသည်။
အမည် - ဦးခင်ဇော်
အသက် - ၇၆ နှစ်
ပညာအရည်အချင်း - BE (Civil)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - USDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆)
ဦးခင်ဇော်သည် ပထမအကြိမ် အမျိုးသားလွှတ်တော်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၆) (ယခင် မဲဆန္ဒနယ်အမှတ်-၄) တွင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းအနေဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းတွင် ပါဝင်သည့် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။