ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် ယူဆောင်လာသော တံဆိပ်တုံးအတုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူပေးရန် လှည်းကူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ NLD ပါတီတိုင်တန်းထားမှုအပေါ် စုံခုံဖွဲ့စစ်ဆေးထား

ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် ယူဆောင်လာသော တံဆိပ်တုံးအတုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူပေးရန် လှည်းကူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ NLD ပါတီတိုင်တန်းထားမှုအပေါ် စုံခုံဖွဲ့စစ်ဆေးထား
Published 1 November 2020
ဉာဏ်လင်းထွန်း

ကော်မရှင်တံဆိပ်တုံး အတုပြုလုပ် အသုံးပြုသည်ဟုဆိုကာ လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်ကို ဥပဒေအရ အရေးယူရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ တိုင်တန်းထားသည်ဟု NLD ပါတီ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောကြားသည်။

အောက်တိုဘာ ၃ဝရက်က လှည်းကူးမြို့နယ် မြို့မရပ်ကွက် ပန်းမြို့တော်လမ်းတွင် ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲကောက်ခံစဉ် UEC အမှတ်တံဆိပ်မပါသည့် တံဆိပ်တုံးကို အသုံးပြုမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီထံမှ အစီရင်ခံစာရရှိပြီး တံဆိပ်တုံး အတုပြုလုပ်သူအား သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက အရေးယူဆောင်ရွက်ရေး မြို့နယ် အောင်နိုင်ရေးကော်မတီကို ညွှန်ကြားထားကြောင်း ဦးထွန်းမြင့်က ပြောကြားသည်။

“ အဓိကက ကော်မရှင်ဥပဒဒေနဲ့ ဖွင့်ရမှာ။ ကော်မရှင်တံဆိပ်တုံး အတုလုပ်တယ်ဆိုတော့ ကော်မရှင်ကနေပြီးတော့မှ အတုအပ၊ ဆင်တူရိုးမှားပြုလုပ်တဲ့သူကို တရားစွဲဖို့အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒါမျိုးလုပ်တာကို ဥပဒေအရ အရေးယူပေးဖို့ ကော်မရှင်ကို တိုင်တန်းထားတယ်” ဟု NLD ပါတီ ရန်ကုန်တိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောကြားသည်။

အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင် သုံးဦးဆန္ဒမဲပေးမှုအပြီးတွင် တံဆိပ်တုံး အသုံးပြုလျက်ရှိသည်ကို NLD ပါတီ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲရုံကိုယ်စားလှယ်က တွေ့ရှိပြီးနောက် လေးဦးမြောက် မဲပေးမှုတွင် ကန့်ကွက်ခဲ့သည်ဟု NLD ပါတီမှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းတန်က ပြောကြားသည်။

အဆိုပါတံဆိပ်တုံးအတုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး၏  မဲရုံကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက   ယူဆောင်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ အဲဒီမိန်းကလေးက သူ့ရဲ့တံဆိပ်တုံးအတုကို အဲဒီကော်မရှင် ဦးကျော်စိုးဆိုတဲ့ လူကိုပေးလိုက်တယ်ဗျ။ ဦးကျော်စိုးကလည်း ရိုးရိုးသားသားပေါ့နော်၊ ယူလိုက်ပြီးတော့ ပါးရည်နပ်ရည်မရှိတဲ့သူ၊ တကယ်ပဲ အရိုးခံလေးပဲ။ ယူလိုက်ပြီးတော့ တံဆိပ်တုံးထုတဲ့အခါမှာ အဲဒီဟာကို အသုံးပြုလိုက်တာပေါ့နော်။ အဲဒီလိုဖြစ်သွားတာပေါ့” ဟု ဦးသိန်းတန်က ပြောကြားသည်။

ဖြစ်စဉ်အသေးစိတ်ကို ပါတီဗဟိုနှင့် တိုင်းအောင်နိုင်ရေးကော်မတီထံ အစီရင်ခံထားပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအနေဖြင့် အမှုဖွင့် အရေးယူခြင်း ရှိ၊ မရှိကို စောင့်ကြည့်နေသည်ဟု အဆိုပါ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ဆိုသည်။

တံဆိပ်တုံး အတုအသုံးပြုသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံခုံဖွဲ့စစ်ဆေးခဲ့ပြီး တွေ့ရှိချက်ကို  တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲထံ တင်ပြထားသည်ဟု ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မွှေးက ပြောကြားသည်။

“ NLD က အမှု ဖွင့်လား မဖွင့်လားတော့ မသိဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့်မယ်ဆိုရင် ကော်မရှင်ကလည်း ဖွင့်ရမယ့်အပိုင်း ပါလာလိမ့်မယ်ထင်တယ်။ တို့တော့ မညွှန်ကြားသေးဘူး။ အပေါ်ကတော့။ ဖြစ်စဉ်တော့ တင်ထားတယ်။ လောလောဆယ်တော့ အဲဒီကော်မရှင်ကိုတော့ ယာယီနားထားတယ်” ဟု ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မွှေးက ပြောကြားသည်။

တံဆိပ်တုုံးအတု အသုံးပြုစေခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်ကို အမှုဖွင့်ရန် ရှိ၊ မရှိနှင့်စပ်လျဉ်း၍ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌထံ ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

NLD ပါတီ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က “ လှည်းကူးမြို့နယ်ကော်မရှင်က တရားစွဲပါမယ်လို့တော့ နှုတ်အားဖြင့်တော့ ပြောထားတာရှိတယ်” ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ပက်သက်၍ လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးထံ အောက်တိုဘာ ၃၁ ရက် ညနေပိုင်းက ဖုန်းဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားမှု မရှိပေ။

Most Read

Most Recent