အာဆင်နယ်နည်းပြ အာတီတာက ၂၀၀၆ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်တွင် မန်ယူအသင်းအား အိုးလ်ထရက်ဖို့ဒ်ကွင်း၌ အနိုင်မရခြင်းကို အဆုံးသတ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်တွင် မန်ယူအသင်းအား အိုးလ်ထရက်ဖို့ဒ်ကွင်း၌ အနိုင်ရခဲ့သည်မှာ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလက နောက်ဆုံးဖြစ်ပြီး ယင်းနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားခဲ့သည့် ပရီးမီးယားလိဂ်(၁၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲတွင် မန်စီးတီးနှင့် လက်စတာတို့ကို ရှုံးနိမ့်ထားပြီး နိုဝင်ဘာ (၁)ရက် (တနင်္ဂနွေနေ့)တွင် မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာတီတာက "မန်ယူအသင်းကို ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွေမှာ ကျွန်တော်တို့ အနိုင်မရတာ (၁၄)နှစ် ရှိပြီလို့ ထင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က လက်စတာကို ရှုံးနိမ့်ပြီးနောက်မှာတော့ ကျွန်တော်တို့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အရှုံးရလဒ်တွေကနေ ရုန်းထွက်ဖို့ အကောင်းဆုံးလို့ ထင်ပါတယ်။ အသင်းရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်မပူပါဘူး။ လီဗာပူးလ်၊ မန်စီးတီး၊ လက်စတာတို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေလိုပဲ ကျွန်တော်တို့လည်း အခွင့်အရေးတွေ ရခဲ့ပါတယ်။ အဲဒီပွဲတွေကို မတူညီတဲ့ချဉ်းကပ်မှုတွေနဲ့ ကစားခဲ့သလို၊ မန်ယူအသင်းကိုလည်း အကောင်းဆုံးယှဉ်ပြိုင်သွားမှာဖြစ်ပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ဘောလုံးပွဲတွေက (၃)၊ (၄)ရက်အတွင်း တစ်ပွဲနှုန်း ကစားနေရတာကြောင့် ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပိုပြီးတိုးတက်လာဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၆)ပွဲကစား (၃)ပွဲနိုင်၊ (၃)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ရမှတ် (၉)မှတ်ဖြင့် အဆင့် (၁၁)နေရာ၌ ရပ်တည်နေပြီး မန်ယူအသင်းမှာ (၅)ပွဲကစား (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ် (၇)မှတ်ဖြင့် အဆင့် (၁၅)နေရာ၌ ရပ်တည်နေသည်။















