လပွတ္တာမြို့နယ် ညောင်လိန်ကျေးရွာတွင် အောက်တိုဘာ ၂၉ ရက်က ပထမဆုံးနေ့အဖြစ် ကြိုတင်မဲများပေးရာတွင် မဲစာရွက်များ၌ တံဆိပ်တုံးထုရမည့်အစား ဘောပင်ဖြင့်အမှန်ခြစ်ကာ ပေးခဲ့ရသောကြောင့်ဟုဆိုကာ မဲပေးပြီးသည့် မဲစာရွက်အားလုံးကို မီးရှို့ဖျက်ဆီး၍ အောက်တိုဘာ ၃၀ ရက်တွင် နောက်တစ်ကြိမ်အသစ်ထပ်မံပေးရန် စီစဉ်ဆောင်ရွက် ပေးခဲ့ရကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၉ ရက်တွင် ညောင်လိန်ကျေးရွာ၌ ကြိုတင်မဲလာရောက်ပေးသူမှာ ၃၄ ဦးရှိခဲ့ကြောင်း၊ ယင်းကြိုတင်မဲများမှာ တံဆိပ်တုံးထု၍ မဲပေးရခြင်းမဟုတ်ဘဲ ဘောပင်ဖြင့်သာ အမှန်ခြစ်၍ မဲပေးခဲ့ရကြောင်း၊ အချို့သော စာအိတ်များမှာလည်း ကော်ကပ်ခြင်းမရှိဘဲ ပွင့်နေသောကြောင့် လပွတ္တာခရိုင် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အရ ယင်းကြိုတင်မဲများကို အများပြည်သူများရှေ့ တွင် မီးရှို့ဖျက်ဆီးခဲ့ရပြီး ကြိုတင်မဲပေးခဲ့သူများကို နောက်တစ်ကြိမ် ထပ်မံလာရောက်မဲပေးရန် ပြောကြားနေရကြောင်း သိရသည်။
“မနေ့က အားလုံးပေါင်း ၃၄ ဦးတဲ့ ညောင်လိန်မှာ ၃၄ ဦးက ကျား ၁၇၊ မ ၁၇။ အဲဒါက တံဆိပ်တုံးမဟုတ်ဘဲ ဘောပင်နဲ့ ခြစ်လိုက် တာပေါ့။ အဲဒီဘောပင်နဲ့ ခြစ်လိုက်တာကို မှားတယ်လို့ဆိုပြီးတော့ ခရိုင်ကနေ ဆင်းပြီးတော့ အဲဒါတွေအကုန်လုံး မီးရှို့ပစ်လိုက်တာ၊ ရှို့ပြီးတော့မှ အသစ်ပြန်ပြီးတော့ အကုန်ပြန်ဝင်ထည့် ပေးပါ။ ပြီးတော့ တချို့ကိစ္စတွေမှာကတော့ အိတ်တွေပွင့်နေတယ်။ ရယကကို မေးလိုက် တဲ့အခါမှာကျတော့ အိတ်ပွင့်တယ်ဆိုတာက တချို့တွေက အိတ်ကို ကော်နဲ့ပိတ်ပါလို့ဆိုပေ မဲ့ ပြီးတာနဲ့ ပုံးထဲထည့်လိုက်တော့ သူတို့လည်း အဲဒါကို မသိလိုက်တဲ့အခါကျတော့ အထဲမှာ ကျတော့ ပွင့်နေတာပေါ့။ အထဲမှာကတော့ ပွင့်နေတာပေါ့။ အဲဒီလိုတွေတော့ ရှိတယ်တဲ့။ အခုမှပဲ ကျွန်တော်တို့က သေသေချာချာဘေး ကနေ စောင့်ကြည့်ပြီးတော့ ပြီးတာနဲ့ ကော် သုတ်ပါ၊ ပိတ်ပါဆိုပြီး အဲဒါမျိုးပြောနေရတယ် လို့ ပြောတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီမှ လပွတ္တာမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်လောင်း ဦးအောင်မိုးဝင်းက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လပွတ္တာခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်မေးမြန်းရာတွင် သတင်းရေးသား မဖော်ပြစေလိုကြောင်းပြောကြားခဲ့မှုကြောင့် ရွေးကောက်ပွဲဖြစ်စဉ်များအနေဖြင့် မှတ်တမ်းတင်ဖော်ပြခွင့်ပြုပါရန် ခွင့်ပြုချက်တောင်းခံရာ၌ သတင်းမပေးလိုကြောင်း ပြန်လည်ပြောကြားသည်။
“အဲဒါကတော့ ဖြစ်နိုင်ရင်တော့ ငါမတင် စေချင်ဘူး၊ အားလုံးက အဆင်ပြေအောင် ငါ လုပ်ပေးလိုက်တော့ ပြီးသွားပြီ။ ပြီးပြီးသားဟာ ကို ပြန်ပြီးတော့ မင်းတို့က တစ်ခုခုလုပ်တဲ့ဟာ ကျ မကောင်းဘူးပေါ့ကွာ။ အဲဒါဆိုရင် မင်းတို့ ကို ငါသတင်းမပေးချင်သေးဘူး” ဟု လပွတ္တာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလေးအောင်က ပြောကြားသည်။
မအူပင်မြို့ အမှတ်(၁)ရပ်ကွက်တွင် အောက်တိုဘာ ၂၉ ရက်က ကြိုတင်မဲများ ကောက်ယူရာတွင် ဘောပင်ဖြင့် အမှန်ခြစ်ပေး ခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အောက်တိုဘာ ၂၉ ရက် က တစ်ရာကောက်ယူခဲ့သည့် ကြိုတင်မဲများ၌ ဘောပင်ဖြင့် အမှန်ခြစ်ပေးခဲ့ရပါက ပယ်မဲအဖြစ် မသတ်မှတ်ကြောင်း ကြေညာခဲ့ရသည်။
ကြိုတင်မဲများပေးရာတွင် မဲလက်မှတ်များပေါ်၌ တံဆိပ်တုံးရိုက်နှိပ်ကာ မဲပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပြုပြီးသည့် မဲလက်မှတ်များအား စာအိတ်များအတွင်းသို့ ထည့်သွင်း ကာ ကော်ဖြင့်ပိတ်ရမည်ဖြစ်ကြောင်း၊ မဲရုံ တွင်ထားရှိသည့် ကြိုတင်မဲပုံးများအား ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ် ပေးထားသည့် စည်းတံဆိပ်ပါ ကြိုးများဖြင့် ပိတ်ရမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများအ တွင်း နေအိမ်များအရောက် လိုက်လံကောက် ယူရသည့် ကြိုတင်မဲပုံးများကိုမူ ယာယီကြိုး များဖြင့် အများပြည်သူများရှေ့တွင်ပိတ်ကာ မဲရုံသို့ပြန်လည်ရောက်ရှိချိန်တွင် အများပြည် သူရှေ့တွင် ပြန်လည်ဖွင့်လှစ်၍ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပေးထား သည့် စည်းတံဆိပ်ကြိုးများဖြင့် ပိတ်ထားသော သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ကြိုတင်မဲပုံး များအတွင်း ပြောင်းလဲထည့်သွင်းရမည်ဖြစ် ကြောင်း သိရသည်။















