မအူပင် အကျဉ်းထောင်အတွင်း အကျဉ်းသားနှင့် ဝန်ထမ်းများ အပါအဝင် လူ ၆၀ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရဟုဆို

မအူပင် အကျဉ်းထောင်အတွင်း အကျဉ်းသားနှင့် ဝန်ထမ်းများ အပါအဝင် လူ ၆၀ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရဟုဆို
Published 27 October 2020
မင်းသူဝင်းထွဋ်

မအူပင်အကျဉ်းထောင်အတွင်း အကျဉ်းသားများနှင့် ဝန်ထမ်းများ အပါအဝင် လူ ၆၀ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း အောက်တိုဘာ ၂၆ ရက်တွင် လူနာများအား စစ်ဆေးပေးခဲ့ရသည့် အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ အပါအဝင် ဝန်ထမ်းအချို့မှာ COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း၊ ကူးစက်ခံထားရသည့် လူနာဦးရေမှာ ၆၀ ကျော်အထိ ရှိနေပြီး ဆက်လက် စစ်ဆေးနေကြောင်း၊ ဝန်ထမ်းအချို့နှင့် လွတ်ရက်နီးနေသည့် အကျဉ်းသားအချို့အား ပြင်ပဆေးကုမှု ဌာနများသို့ ပြောင်းရွှေ့ ကုသနေလျက်ရှိပြီး အချို့အား အကျဉ်းထောင်အတွင်းမှာပင် ဆေးဝါးကုသမှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

“ဒါကတော့ သက်ဆိုင်ရာဌာနဘက်နဲ့ ကျန်းမာရေးဌာနဘက်ကို မေးပါ။ ကျွန်တော့်ဘက်ကျတော့ ဖြေရတာ ခက်ပါတယ်။ အခုချိန်ထိတော့ သက်ဆိုင်ရာဌာနကနေ ကျွန်တော်တို့ဆီကို ပုံမှန်တင်ပြချက်က တောင်းခံဆဲပဲ ရှိပါသေးတယ်”ဟု မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက ပြောကြားသည်။

မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ပြည်သူ့ကျန်းမာအနေဖြင့် ဝင်ရောက် ကူညီဆောင်ရွက်ပေးနေရခြင်းသာဖြစ်ပြီး အကျဉ်းဦးစီးဌာနအတွင်းရှိ ဆရာဝန်၊ သူနာပြုများက ဦးဆောင် လုပ်ဆောင်နေကြောင်း၊ လူနာအရေအတွက် ကို တိကျစွာ မသိရှိရသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကလည်း “မနက်က အစည်းအဝေးမှာတော့ အဲဒီကိစ္စကို တင်ပြတယ်။ ပြည်ထောင်စုကလည်း အချက်အလက် တောင်းနေတယ်၊ အသေးစိတ်ကတော့ မသိရသေးဘူး”ဟု ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက်များအရ မအူပင်မြို့တွင် အောက်တိုဘာ ၂၆ ရက် တစ်ရက်တည်းမှာပင် COVID-19 အတည်ပြုလူနာအသစ် ဦးရေ ၆၉ ဦးအထိ ရှိကြောင်း၊ အောက်တိုဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်များအရ တိုင်းအတွင်း  COVID-19 ရောဂါ ကူးစက်ခံခဲ့ရသူ အတည်ပြုလူနာ ၉၄၅ ဦးရှိပြီး ၆၀၃ ဦးမှာ ရောဂါသက်သာ ပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးကာ ၃၄၂ ဦးမှာ ဆေးဝါးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent