၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ချင်းပြည်နယ်)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ (ချင်းပြည်နယ်)
Published 26 October 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့်  ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်း အချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။

အမည်  - ဦးတွာလ်ခင်းခမ်

အသက်          - ၄၇ နှစ်

ပညာအရည်အချင်း - B.SC (Maths)

လူမျိုး/ဘာသာ  - ချင်း / ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ချင်းပြည်နယ်အမျိုးသားလွှတ်တော် (၁)

ဦးတွာလ်ခင်းခမ်သည် CNLD ပါတီကိုယ်စားပြု၍ ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ CNLD ပါတီသည် ချင်းသုံးပါတီ ပူးပေါင်းထားသော ပါတီဖြစ်သည့်အတွက် ဒေသတွင်း အားကောင်းသည့် ပါတီလည်းဖြစ်သည်။  ဦးတွာလ်ခင်းခမ် အနေဖြင့် ချင်းတိုင်းရင်းသားများအား ကိုယ်စားပြုသည့် CNLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ဒေသခံလူထု၏ စိတ်ဝင်စားမှု မြင့်တက်နိုင်သည်။ သို့သော် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) တွင် ပြည်မအင်အားကြီး ပါတီများဖြစ်သည့် USDP ပါတီ၊ UBP ပါတီနှင့် အာဏာရ NLD ပါတီအပြင် တိုင်းရင်းသားပါတီဖြစ်သည့်  ZCD ပါတီကပါ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့်နယ်မြေအဖြစ် သတ်မှတ်နိုင်သည်။

အမည်  - ဦးကမ်းပေါင်

အသက်          - ၅၃ နှစ်

ပညာအရည်အချင်း - ၁၀ တန်းအောင်

လူမျိုး/ဘာသာ  - ချင်း/ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၂)

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်သော ဦးကမ်းပေါင်သည် တီးတိန်မြို့တွင် ၁၉၈ရမှ ၁၉၉၁ အထိ လည်းကောင်း၊ ဖလမ်းမြို့တွင် ၁၉၉၁မှ ၁၉၉၈ အထိ လည်းကောင်း၊ နောင်ချိုမြို့တွင် ၁၉၉၈ မှ ၂၀၀၃ အထိ လည်းကောင်း သစ်တောဦးစီးဌာန၌ လုပ်ကိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများမှ ပါတီများ အားကောင်းနိုင်ကြောင်း ခန့်မှန်းမှုများအရ ဦးကမ်းပေါင်၏ အနေအထားက စိတ်ဝင်စားဖွယ် ဖြစ်သည်။ သို့သော် ယင်းမဲဆန္ဒနယ်မြေတွင် USDP ပါတီမှ ကိုယ်စားလှယ်လောင်းမှာ လက်ရှိ ကိုယ်စားလှယ်အဖြစ် ပါဝင်နေသလို  အာဏာရ NLD ပါတီ အပါအဝင် ပြည်မပါတီ လေးခုနှင့် တိုင်းရင်းသားပါတီ နှစ်ခုတို့ ယှဉ်ပြိုင်မည့်အတွက် အကြိတ်အနယ် ဖြစ်နိုင်သည်။

အမည်  - ဦးကျင့်ခန့်ပေါင်

အသက်          - ၆၅ နှစ်

ပညာအရည်အချင်း - B.Sc, B.Ed, Ma (Theology)

လူမျိုး/ဘာသာ  - ချင်း / ခရစ်ယာန်

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ်အမျိုးသားလွှတ်တော် (၂)

ဦကျင့်ခန့်ပေါင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ မဲဆန္ဒနယ်အမှတ် (၆) မှ ဝင်ရောက် အရွေးခံခဲ့ပြီး အနိုင်ရရှိထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးအဖြစ် အငြိမ်းစားယူခဲ့သူ ဖြစ်ခြင်းကြောင့် ပညာရေးနယ်ပယ်တွင် နှံ့စပ်သူဟု ဆိုရမည်။ အခြားသော ဆောင်ရွက်မှုများအနေဖြင့် ၂၀၀၆ မှ ၂၀၀၉ အထိ ကနီမြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်အဖြစ် လည်းကောင်း၊ ၂၀၁၁ မှ ၂၀၁၃ အထိ ခန္တီးခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ဖြစ်သော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးခမ်ခန့်ထန်

အသက်          - ၅၅ နှစ်

ပညာအရည်အချင်း - B.A, B.Ed

လူမျိုး - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၃)

ဦးခမ်ခန့်ထန်သည် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှနေ၍ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်မပါတီများဖြစ်သည့် အာဏာရ NLD ပါတီ၊ USDP ပါတီနှင့် UBP ပါတီတို့အပြင် တိုင်းရင်းသားပါတီများ ဖြစ်ကြသည့် CNLD ပါတီ၊ ZCD ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် အခြေအနေတွင် ရှိသည်။ ဦးခမ်ခန့်ထန် အနေဖြင့် CNLD ပါတီမှ ကိုယ်စားလှယ်လောင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အပြင် ပြည်မ NLD ပါတီနှင့် USDP ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့်လည်း အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

အမည်  - ဦးထန်ဆွင်းပေါင်

အသက်          - ၄၉ နှစ်

ပညာအရည်အချင်း - B.A (Psychology)

လူမျိုး/ဘာသာ  - ချင်း /ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၃)

ဦးထန်ဆွင်းပေါင်သည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှနေ၍ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ချင်းလူမျိုးတစ်ဦး ဖြစ်သည့်အပြင် ချင်းတိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်လောင်း ဖြစ်သောကြောင့် ဒေသခံ ချင်းလူမျိုးများ၏ စိတ်ဝင်စားမှုကို ခံရဖွယ်ရှိနေသည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်မပါတီများဖြစ်သည့် အာဏာရ NLD ပါတီ၊ USDP ပါတီနှင့် UBP ပါတီတို့အပြင် တိုင်းရင်းသားပါတီဖြစ်သည့် ZCD ပါတီအပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ဦးထန်ဆွင်းပေါင် အနေဖြင့် သတိထားယှဉ်ပြိုင်ရမည့် အခြေအနေလည်း ဖြစ်သည်။

အမည်  - ဦးငယ်ပီးထီယံအုပ်ထန်

အသက်          - ၃၇ နှစ်

ပညာအရည်အချင်း - ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc)

လူမျိုး   - ချင်း/ဂေါ်ရခါး

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ််ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ်အမျိုးသားလွှတ်တော် (၄)

ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၄) တွင် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးငယ်ပီးထီယံအုပ်ထန်သည် ပါတီတွင် အတွင်းရေးမှူးအဖွဲ့ဝင် (ဗဟို) တစ်ဦးလည်း ဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ် (ကလေး) ၊ မုံရွာတက္ကသိုလ်၊ ဖိလစ်ပိုင်တက္ကသိုလ်၊ နယူးဒေလီတက္ကသိုလ်(အိန္ဒိယ)၊ ဂျီနီဗာတက္ကသိုလ် (ဆွစ်ဇာလန်)၊ ကာလီဖိုးနီးယားတက္ကသိုလ် (အမေရိက) တို့တွင် ပညာသင်ယူဖူးသူဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိရန်အတွက် ပြည်မပါတီ နှစ်ခုဖြင့် ယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရသည်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄) အတွက် ယှဉ်ပြိုင်မည့်ပါတီ သုံးခုသာ ရှိသည့်အတွက် ပညာတတ် လူလတ်ပိုင်း ဦးငယ်ပီးထီယံအုပ်ထန်အနေဖြင့် ဒေသခံမဲအများစုကို ရရှိနိုင်ကြောင်း သုံးသပ်ရသည်။

အမည်  - ဦးဗန်မွှန်လျန်

အသက်          -  ၄၈ နှစ်

ပညာအရည်အချင်း - Doctor of Ministry (Phillippines)

လူမျိုး/ဘာသာ  - ချင်း / ခရစ်ယာန်

ကိုယ်စားပြုပါတီ     - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၁၀)

ဦးဗန်မွှန်လျန် ပြိုင်ဆိုင်မည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒယ်အမှတ် (၁၀) သည် လူထုစိတ်ဝင်စားမှု အမြင့်ဆုံးထဲက နယ်မြေတစ်ခုလည်း ဖြစ်သည်။ ချင်းလူမျိုး ဦးဗန်မွှန်လျန်အနေဖြင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်မြေတွင် ပြိိုင်ဆိုင်သည့်ပါတီ သုံးပါတီသာ ရှိသော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ပြည်မပါတီများ ဖြစ်ကြသည့် ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းမှာ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်ဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းမှာလည်း လက်ရှိ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ဖြစ်သူ ဦးဟင်နရီဗန်ထီးယူ ဖြစ်သောကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် နယ်မြေလည်း ဖြစ်သည်။

အမည်  - ဦးဟင်နရီဗန်ထီးယူ

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း - B.A, P.G Diploma in Law, M.A Part 1

လူမျိုး/ဘာသာ  - ချင်း / ခရစ်ယာန်

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၁၀)

ဒုတိယသမ္မတ (၂) အဖြစ် ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်က တာဝန်ယူခဲ့သော ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဗိုလ်မှူးအဆင့်အထိ ၂၂ နှစ်ကြာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့စားသောက်ကုန်လုပ်ငန်းအောက်ရှိ မန္တလေး၊ ဗာဂျီးနီးယား ဆေးလုပ်ငန်းတွင် စက်ရုံမှူး၊ ၂၀၀၅ မှ ၂၀၀၆ အထိ မြန်မာ့စားသောက်ကုန်လုပ်ငန်း ရုံးချုပ်တွင် ဒု-အထွေထွေ စီမံခန့်ခွဲရေးဌာနမှူးနှင့် ၂၀၀၆ ခုနှစ်တွင် ဘီးလင်းအရက်ပြန်စက်ရုံမှူးအဖြစ် ထမ်းဆောင်ပြီး ဖိလစ်ပိုင်နှင့် နယူးဇီလန်တို့တွင် ၂၀၁၅ ခုနှစ်အထိ သွားရောက် နေထိုင်ခဲ့သည်။

အမည်  - ဦးရမ်ကျဲအိုနှင်း         

အသက်  - ၄၄ နှစ်

ပညာအရည်အချင်း - B.A (Law), M, Div, D.Min

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၁၁)

ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သော ဦးရမ်ကျဲအိုနှင်းသည် လာမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၀) တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြု၍ ယှဉ်ပြိုင်မည် ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ဟားခါးတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ ဥပဒေပညာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပြည်မပါတီကြီး နှစ်ခုနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် လူအများ စိတ်ဝင်စားမှုကို ခံနေရသူ ဖြစ်သည်။ လက်ရှိ အာဏာရပါတီဖြစ်သော NLD ပါတီ မှ ကိုယ်စားလှယ်၊ USDP ပါတီတို့မှ ကိုယ်စားလှယ်တို့နှင့်   ဦးရမ်ကျဲအိုနှင်းတို့၏ ပြိုင်ဆိုင်မှုသည် စိတ်ဝင်တစား စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိသည်။

အမည်  - ဦးဂင့်ကမ်းလျန်

အသက်          -  ၆၆ နှစ်

ပညာအရည်အချင်း - B.A (သမိုင်း)

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -  တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဂင့်ကမ်းလျန်သည်၂၀၁၅  ရွေးကောက်ပွဲတွင် ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၅) မဲဆန္ဒနယ်၌  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ၎င်းအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုကောင်များရှိသဖြင့် ဒေသတွင်း ထောက်ခံမှုရရှိရန် အလားအလာရှိသည်ဟု သုံးသပ်ရသည်။ ဦးဂင့်ကမ်းလျန်အနေဖြင့် ယခုရွေးကောက်ပွဲတွင် တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေသအတွင်း ပါတီဖြစ်သည့် CNLD ပါတီ၊ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့နှင့် အဓိကယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးပြောင်ဆွင်းမုန်

အသက်          - ၆၄ နှစ်

ပညာအရည်အချင်း - B.Agri,B.T.E (MIT Yangon)

လူမျိုး - ချင်း

ကိုးကွယ်သည့်ဘာသာ -          ခရစ်ယာန်

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးပြောင်ဆွင်းမုန်သည် ချင်းအမျိုးသားတစ်ဦး ဖြစ်သည့်အပြင် အာဏာရပါတီ NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သောကြောင့် စိတ်ဝင်စားမှုခံရသူလည်း ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တိုင်းရင်းသားပါတီများ အားကောင်းလာသည့်အတွက် ၎င်းအနေဖြင့် ဒေသအတွင်း တိုင်းရင်းသားပါတီ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲ ရှိနိုင်သည်။ ၎င်းအနေဖြင့် ဒေသတွင်း ပါတီများဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့နှင့် အဓိကထား ယှဉ်ပြိုင်ရနိုင်သည်။

အမည်  - ဦးလန့်ခန့်မုန်

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း -  (၁၀) တန်း

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးလန့်ခန့်မုန်သည် ချင်းတိုင်းရင်းသား တစ်ဦးဖြစ်သည့်အတွက် ဒေသတွင်း တိုင်းရင်းသားများ၏ ထောက်ခံမှု ရရှိနိုင်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဟု ယူဆရသည်။ ၎င်းအနေဖြင့် တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တိုင်းရင်းသားပါတီဖြစ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းနှင့် အဓိကယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သုံးသပ်ရသည်။ တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အာဏာရ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အမည်  - ဒေါ်ကျိန်ငိုက်မန်

အသက်          - ၄၆ နှစ်

ပညာအရည်အချင်း - LL.B, LLM

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - တွန်းဇန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်ကျိန်ငိုက်မန်သည် ရှေ့နေဘွဲ့ရရှိပြီး လူလတ်ပိုင်း ချင်းတိုင်းရင်းသား အမျိုးသမီးကိုယ်စားလောင်းဖြစ်သည့် အလျောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး လက်ရှိ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒအမှတ် (၇)၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။ ဒေါ်ကျိန်ငိုက်မန်အနေဖြင့် တွန်းဇန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အခြားတိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းနှင့် အဓိကထား၍ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်မမှ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများလည်း ရှိသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဟု ခန့်မှန်းရသည်။

အမည်  - ဦးထန်ကိန်းမာန်

အသက်          - ၃၁  နှစ်

ပညာအရည်အချင်း - B.A (Psychology Qualified)

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တွန်းဇန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးထန်ကိန်းမာသည် ချင်းလူမျိုးဖြစ်ပြီး လူငယ်ပိုင်း ပညာတတ်ဖြစ်သည့်အတွက် ဒေသခံ ချင်းတိုင်းရင်းသားများ၏ စိတ်ဝင်စားမှုကို ရရှိထားသည်။ ၎င်းအနေဖြင့် တွန်းဇန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အခြားတိုင်းရင်းသားပါတီဖြစ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒေသခံများ၏ ထောက်ခံမဲရရှိရန် အလားအလာရှိကြောင်း သုံးသပ်ရသည်။ ထို့ပြင် ယင်းမဲဆန္ဒနယ်အတွင်း NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ပြိုင်ဆိုင်မှု ပြင်ထန်နိုင်ကြောင်း သုံးသပ်ရသည်။

အမည်  - ဒေါ်ခင်ဆွေလွင်

အသက်          - ၅၀ နှစ်

ပညာအရည်အချင်း - B.A(History)

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၅)

ဒေါ်ခင်ဆွေလွင်သည် လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ချင်းပြည်နယ်မဲဆန္ဒ နယ်အမှတ်(၉)တွင် အနိုင်ရရှိထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ကန်ပက်လက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်း ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅) ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်လာ ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဘဝတွင် လွှတ်တော်တွင်း၌ ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၅၀ ခန့်မေးမြန်းခဲ့ပြီး ဆွေးနွေးမှုတွင် ၁၀ ကြိမ်ခန့် ဆွေးနွေးခဲ့သည်။

 

အမည်  - ဦးမျိုးချစ်

အသက်          - ၃၂ နှစ်

ပညာအရည်အချင်း - B.A(Hist), B.A(Social Study), M.Sc(Politics)

လူမျိုး/ဘာသာ  - ချင်း / ခရစ်ယာန်

ကိုယ်စားပြုပါတီ -  ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၅)

သမိုင်း၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားလေ့လာခဲ့သူ ဦးမျိုးချစ်အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၅)မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က ချင်းပါတီတည်ထောင်သူများတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၌ လက်ရှိဗဟိုအတွင်းရေးမှူးလည်းဖြစ်သည်။ ၎င်းင်းအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သော NLD ပါတီကိုယ်စားလှယ်နှင့်် အဓိကယှဉ်ပြိုင်သွားရဖွယ်ရှိပြီး ဒေသခံလူထု၏ စောင့်ကြည့်ခံနိုင်သည့် အခြေအနေရှိသည်။ 

အမည်   - ဒေါ်ဟုန်းရောင်

အသက်  - ၄၅ နှစ်

ပညာအရည်အချင်း - B.Sc,M.Sc(Physics)

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ          - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ်

အမျိုးသားလွှတ်တော် (၆)  ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆)မှ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားလှယ်ပြု၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်ဟုန်းရောင်သည် ၂၀၁၅ ရွေး ကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရှုံးနိမ့်ခဲ့သည်။ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက်ခံနိုင်ရန် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးနှင့် လူမှုဘဝလုံခြုံရေး ခံစားခွင့်များကို ကာကွယ်မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် အမျိုးသား အမှတ်လက္ခဏာများကို အကာအကွယ်ပေးမည့် ဥပဒေပြဋ္ဌာန်း နိုင်ရေးကို ကြိုးစားဆောင်ရွက်ပေးမည်ဟု ၎င်းက ကြွေးကြော်ထားသည်။

အမည်  -         ဦးကိုလင်း

အသက်          -         ၅၉ နှစ်

ပညာအရည်အချင်း       - B.Sc,B.Ed

လူမျိုး   - ခူမီ(ချင်း)

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၇)

ဦးကိုလင်းသည် ဒုတိယမြို့နယ်ပညာရေးမှူး(ငြိမ်း) တစ်ဦးဖြစ်သည်။ ပညာရေးဝန်ထမ်းဟောင်း ဖြစ်သည့်အပြင် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းလူမျိုးတစ်ဦးဖြစ်သည့်အတွက် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၇)တွင် ဒေသခံလူမျိုးတို့၏ စိတ်ဝင်စားမှုကို ခံနေရသူတစ်ဦးလည်း ဖြစ်သည်။ သို့ သော် အာဏာရ NLD ပါတီမှ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကလည်း ယင်းမဲဆန္ဒနယ်မြေတွင် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဦးကိုလင်းအနေဖြင့် ၎င်းနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၇)တွင် ပါတီငါးခု ယှဉ်ပြိုင်မည်ဖြစ်သည်။

အမည်  - ဦးဝှေ့တင်း

အသက်          - ၄၁ နှစ်

ပညာအရည်အချင်း - LL.B(Law)

လူမျိုး   - ခူမီး(ချင်း)

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓဘာသာ

ကိုယ်စားပြုပါတီ - NLD

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၇)

ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝှေ့တင်းသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁)မှ ယှဉ်ပြိုင် အနိုင် ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ဦးဝှေ့တင်းသည် လွှတ်တော်အစည်းအဝေးတက် ရောက် ရန်အတွက် ၎င်း၏မဲဆန္ဒနယ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ထွက်ခွာလာစဉ် ရခိုင်ပြည်နယ်၊ ကျောက် တော်မြို့၊ ကျောက်တန်းကျေးရွာအနီးတွင် AA အဖွဲ့က ဖမ်းဆီး၍ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခံရပြီး ပြန်လည် လွတ်မြောက်လာသဖြင့် လူသိများသော ကိုယ်စားလှယ်လည်း ဖြစ်သည်။

 

အမည်    - ဦးရိုဘင်(ခ)ဦးရိုဘင်ဇာထန်း

အသက်          - ၅၇ နှစ်

ပညာအရည်အချင်း       - B.Sc(Chem)

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ          - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၁၂)      

ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သည့်အလျောက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ချင်းပြည် နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂) မှဝင်ရောက်ယှဉ်ပြိုင်သူ ဦးရိုဘင်(ခ) ဦးရိုဘင်ဇာထန်းသည် ရွေးကောက်ပွဲနှင့် စိမ်းသူမဟုတ်ပေ။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) တွင် ရွေးကောက်ခြင်းခံခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။ ဓာတုဗေဒဘာသာရပ်ဖြင့်ဘွဲ့ရပြီး ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ထန်တလန်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် အလယ်တန်းပြဖြင့် ကျောင်းဆရာ အလုပ်ကို လုပ်ကိုင်ခဲ့သူဖြစ်သည့်အတွက် ဒေသခံများနှင့် စိမ်းသူမဟုတ်ချေ။

 

အမည်  - ဦးဘူးထန်ပိုင်

အသက်          - ၃၆ နှစ်

ပညာအရည်အချင်း       - LLB, M.Div,B.Th

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၈)

ဦးဘူးထန်ပိုင်သည် စစ်တွေသာသနာပိုင်နယ်ရုံး ဖွံ့ဖြိုးရေးတာဝန်ခံ အငြိမ်းစားတစ်ဦးဖြစ်သည်။ ချင်းလူမျိုးတစ်ဦး ဖြစ်သည့်အပြင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနေ၍ ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၈)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဒေသခံချင်းလူမျိုးများ၏ စိတ်ဝင်စားမှုကို ရရှိထားသူဖြစ်သည်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၈)တွင် ပြည်မပါတီများဖြစ်ကြသည့် အာဏာရ NLD ပါတီနှင့် USDP ပါတီ အပြင် ခူမီး(ခမီး)အမျိုးသားပါတီ၊ တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်းများလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ကြောင်း သုံးသပ်ရသည်။

 

အမည်  - ဦးအောင်လျန်

အသက်          - ၃၃ နှစ်

ပညာအရည်အချင်း - အင်ဂျင်နီယာ

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   -  ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ချင်းပြည်နယ် အမျိုးသားလွှတ်တော် (၉)

ဦးအောင်လျန်သည် ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)တွင် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပညာတတ် လူငယ်ကိုယ်စားလှယ်လောင်းဖြစ်သည်။ လက်ရှိ တွင်လည်း မတူပီမြို့နယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အပြင် လွှတ်တော်ရှိ တိုင်းရင်းသား ရေးရာကော်မတီတွင် အတွင်းရေးမှူးနှင့် လွှတ်တော်ကတိကဝတ်၊ တိုင်စာ၊ အသနားခံစာရေးကော်မတီတွင် အဖွဲ့ ဝင်တစ်ဦးလည်း ဖြစ်သည်။ ဦးအောင်လျန်သည်၂၀၁၄ ခုနှစ်တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) စတင်တည် ထောင်ခဲ့စဉ်က CEC အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။

 

အမည်  - ဦးဟရန်ကီအံလို

အသက်          - ၇၀ နှစ်

ပညာအရည်အချင်း - B.A(Philosophy), BRE, MACS

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဟရန်ကီအံလိုသည် မြို့နယ်အခွန်ဦးစီးဌာနမှူးအဖြစ်မှ အငြိမ်းစားယူထားသူ ဖြစ်ပြီး ဖလမ်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင်  CNLD ပါတီကိုယ်စားပြု၍ ယှဉ်ပြိုင်မည်ဖြစ်သည်။ CNLD ပါတီ အနေဖြင့် အဆိုပါမဲဆန္ဒ နယ်အတွင်း အဓိကပြိုင်ဘက် NLD ပါတီ ကိုယ်စားလှယ်လောင်းကို ယှဉ် ပြိုင်အနိုင်ရ မည်ဟု ယုံကြည်သောကြောင့် ၎င်းကို ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ဦးဟရန်ကီအံလို ယှဉ်ပြိုင်မည့် ယင်းမဲဆန္ဒနယ်တွင် ၎င်းအပါအဝင် ကိုယ်စားလှယ်လောင်း လေးဦးသာရှိပြီး ပြည်မ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့ထက် ဒေသအတွင်း တိုင်ရင်းသားများ၏ ထောက်ခံမဲရရှိရန် အလားအလာကောင်းသည်ဟု သုံးသပ်ရသည်။

အမည်  - ဦးပိုင်းကီး

အသက်   - ၄၆ နှစ်

ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(ဒဿနိက)         

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်-  ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်       

ဦးပိုင်းကီးသည် ချင်းလူမျိုးတစ်ဦးဖြစ်သည့်အလျောက် ယင်းမဲန္ဒနယ်အတွင်း တိုင်းရင်းသားများ၏ ထောက်ခံမှုရရှိနိုင် ရန် အလားအလာရှိသဖြင့် စိတ်ဝင်စားမှုခံရသူတစ်ဦးဟု ဆိုနိုင်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင်အနိုင်ရရှိ ထားသည့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းနှင့် အဓိကယှဉ်ပြိုင်နိုင်ရန် ၎င်းင်း၏ပါတီက  ဦးပိုင်းကီးကို ရွေးချယ်ထား ခြင်း ဖြစ်သည်။ ထို့ပြင် ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာတွင် လူထုစိတ်ဝင်စားမှုရှိသောပါတီ များဖြစ်သည့် NLDပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စား လှယ်လောင်းများ ဝင်ရောက်ယှဉ်မည်ဖြစ်သည်။

 

အမည်  - ဦးနေလင်းအောင်

အသက်   - ၄၃ နှစ်

ပညာအရည်အချင်း - B.A(History)

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်-  မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးနေလင်းအောင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်၍အနိုင်ရရှိထားသဖြင့် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်သည်။ ၎င်းသည် လွှတ်တော်တွင်း အစိုးရကို ထောက်ပြသည့် အဆိုတင်သွင်းခြင်း၊  ကြယ်ပွင့်ပြမေးခွန်းများတွင် ပညာရေး၊ လမ်းတံတားများ၊ လျှပ်စစ်မီးရရှိရေး စသည်တို့ကို မေးမြန်းလေ့ရှိသဖြင့် လူသိများသူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် ယင်းမဲဆန္ဒနယ်တွင် ထပ်မံအနိုင်ရရှိရန် စိတ်ဝင်စားမှုခံရသူဟု သုံးသပ်ရသည်။ သို့သော် ဒေသတွင်းတိုင်းရင်းသားပါတီဖြစ်သည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိသည််။

အမည်   - ဦးရွှေနိုင်း

အသက်   - ၅၂ နှစ်

ပညာအရည်အချင်း - B.A(GEO), MDY

လူမျိုး / ဘာသာ          - ချင်း / ဗုဒ္ဓ

ကိုယ်စားပြုပါတီ   - ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးရွှေနိုင်းသည်  ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက် ၍ နှံ့နှံ့စပ်သိရှိထားသူတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများ၏ စိတ်ဝင်စားမှုကို ခံရသူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLDပါတီ၊ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နှင့် အဓိကထား၍ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင် ကြောင်း သုံးသပ်ရသည်။

 

အမည်    - ဦးကျော်ငြိမ်း

အသက်          - ၆၇ နှစ်

ပညာအရည်အချင်း       - အ.ပ.ထ(ခ)ဖွံ့ဖြိုးရေးသိပ္ပံဆင်း

လူမျိုး   - ချင်း

ကိုးကွယ်သည့်ဘာသာ   - ဗုဒ္ဓ

ကိုယ်စားပြုပါတီ          - ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   -  ပလက်ဝမြို့နယ်  ပြည်သူ့လွှတ််တော်မဲဆန္ဒနယ်

 ဦးကျော်ငြိမ်းသည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ချင်းလူမျိုးကိုယ်စားလှယ် လောင်းတစ်ဦးဖြစ်သည်။ အသက်အရွယ်အနေဖြင့် ၆၇ နှစ် ရှိပြီး လူကြီးပိုင်း ပညာတတ်တစ်ဦးလည်းဖြစ်သည်။ ယင်း မဲဆန္ဒနယ်တွင် ဦးကျော်ငြိမ်း၏ပါတီတစ်ခုသာ တိုင်းရင်းသားပါတီဖြစ်သောကြောင့် ဒေသခံများ၏ထောက်ခံမဲရနိုင်သည့် အလားအလာရှိသည်။ ၎င်းအနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အဓိက အားပြိုင်ရမည်ဖြစ်သည်။ ပလက်ဝမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ က အနိုင်ရရှိထားသည့် မဲဆန္ဒနယ်ဖြစ်သည်။

 

အမည်  - ဒေါ်လင်းလင်းထွန်း

အသက်          - ၃၆  နှစ်

ပညာအရည်အချင်း       - M.A(Eng), dip in ELT, B.A(Eng)

လူမျိုး/ဘာသာ  - ချင်း / ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မတူပီမြို့နယ်  ပြည်သူ့လွှတ််တော်မဲဆန္ဒနယ်

ဒေါ်လင်းလင်းထွန်းသည် အသက်အရွယ်အားဖြင့်  လူလတ်ပိုင်း ပညာတတ်တစ်ဦးဖြစ်သည်။ ၎င်းသည် ချင်းလူမျိုး ဖြစ်သည့်အတွက် ချင်းတိုင်းရင်းသားများ ထောက်ခံမှုရရှိနိုင်သည်ဟု သုံးသပ်ရသည်။ ၎င်းမှာအသက် ၃၆ နှစ်် အရွယ် သာရှိသေးသော်လည်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်  မတူပီပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်မပါတီကြီးများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

အမည်  -  ဦးဗန်ဘွေလျန်

အသက်          - ၃၇ နှစ်

ပညာအရည်အချင်း       - M.A(International Development Studies)

လူမျိုး/ဘာသာ  - ချင်း / ခရစ်ယာန်

ကိုယ်စားပြုပါတီ - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဗန်ဘွေလျန်သည် အသက်အရွယ်အားဖြင့် ၃၇ နှစ် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ချင်းလူမျိုးကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ဘဏ်၏ ကလေး-ဟားခါးလမ်း စီမံကိန်း အကြံပေးပညာရှင်တစ်ဦးဖြစ်သဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင် နိုင်မည်ဟုဆိုနိုင်ပြီး ဌာနေတိုင်းရင်းသားများ၏ ထောက်ခံမှုရရှိနိုင်သည့် အလားအလာရှိသည်။ ဦးဗန်ဘွေလျန်သည် ယင်းမဲဆန္ဒနယ်တွင် ပြည်မမှ ပါတီကြီးနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်  -  ဒေါက်တာ ဆလိုင်းရီယန်းဗဲလ် (ခ) ဆိုလိုင်းရန်းဗယ်

အသက်          - ၆၅ နှစ်

ပညာအရည်အချင်း - Ph.D(Maths)

လူမျိုး/ဘာသာ  - ချင်း/ ခရစ်ယာန်

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာဆလိုင်းရီယန်းဗဲလ်သည် နိုင်ငံရေးဖြတ်သန်းမှုရှိသူတစ်ဦးဖြစ်သည့်အပြင် ဖလမ်းမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်အတွင်း လက်ရှိအာဏာပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် စိတ်ဝင်စားမှုခံရသူလည်း ဖြစ်သည်။ ထို့ပြင် ၎င်းသည် လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပြီး ဖလမ်းမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များအဖြစ် ဆူးရ်ဘုန်လေယာဉ်ကွင်း အကောင်အထည်ဖော်နိုင်ရေးနှင့် ဖလမ်းမြို့နယ်ရှိ စာသင် ကျောင်းများ အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent