ရီးယဲလ်အသင်းနည်းပြ ဇီဒန်း နူးကမ့်ကွင်း၌ကစားသည့် El Clásico ပွဲများတွင် ရှုံးပွဲမရှိသေးဘဲ ဒုတိယနိုင်ပွဲအများဆုံးအဖြစ် ရပ်တည်

ရီးယဲလ်အသင်းနည်းပြ ဇီဒန်း နူးကမ့်ကွင်း၌ကစားသည့် El Clásico ပွဲများတွင် ရှုံးပွဲမရှိသေးဘဲ ဒုတိယနိုင်ပွဲအများဆုံးအဖြစ် ရပ်တည်
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 25 October 2020

 ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် နူးကမ့်ကွင်း၌ ကစားရသည့် El Clásico ပွဲစဉ်များတွင် ရှုံးပွဲလုံးဝမရှိသေးဘဲ သုံးပွဲနိုင်၊ သုံးပွဲသရေကျထားပြီး ရီးယဲလ်အသင်း နည်းပြများအနက် ဒုတိယနိုင်ပွဲအများဆုံးအဖြစ် ရပ်တည်နေ ကြောင်း သိရသည်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ရီးယဲလ် အသင်းက El Clásico ပြိုင်ဘက် ဘာစီလိုနာအသင်းကို အဝေးကွင်း ၌ (၁-၃) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ပြိုင်ပွဲစုံနှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့မှုကို ရပ်တန့်၍ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့သည်။ 

ရီးယဲလ်အသင်းအနေဖြင့် ယင်းပွဲရလဒ်ကြောင့် ပြိုင်ပွဲစုံ အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ပြီဖြစ်သလို နည်းပြ ဇီဒန်းမှာလည်း ၎င်းလက်ထက် နူးကမ့်ကွင်း၌ ကစားရသည့် El Clásico ပွဲများတွင် ရှုံးပွဲလုံးဝမရှိဘဲ သုံးပွဲနိုင်၊ သုံးပွဲသရေ ရလဒ် ရရှိထားပြီဖြစ်သည်။ 

နူးကမ့် ကွင်း၌ နိုင်ပွဲအများဆုံး ရီးယဲလ် နည်းပြအဖြစ် မီဂွယ်မူနော့ဇ်က  ခုနစ် ပွဲဖြင့် ရပ်တည်နေပြီး ဇီဒန်းက ၎င်း၏ နောက်တွင် နိုင်ပွဲသုံးပွဲဖြင့် ဒုတိယ အများဆုံး ရရှိထားခြင်းဖြစ်သည်။ ထို့ပြင် လာလီဂါပြိုင်ပွဲတွင် တန်းတက်ကာဒစ်ဇ်အသင်းကို (၀-၁)ဂိုး၊ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ရှက်တာဒိုးနက်အသင်းကို (၂-၃) ဂိုးဖြင့် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်မှုကြောင့် ဖိအားများနေသည့် ဇီဒန်းအတွက် El Clásico နိုင်ပွဲကြောင့် ဖိအားများ လျော့ကျသွားပြီဖြစ်သည်။

ဘာစီလိုနာအသင်းမှာမူ လာလီဂါနှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခြင်း ဖြစ်သလို သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးခြင်းဖြစ်သောကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းအတွက် ဖိအားဝင်သွားပြီဖြစ်သည်။ ဘာစီလိုနာအသင်းသည် လာလီဂါရာသီအဖွင့် နှစ်ပွဲဆက်တိုက် အနိုင်ရပြီးနောက် ဆီဗီလာနှင့် အိမ်ကွင်း၌သရေ၊ ဂီတာဖေးကို အဝေးကွင်းနှင့် ရီးယဲလ်ကို အိမ်ကွင်း၌ ရှုံးနိမ့်ထားခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင်မူ ဖယ်ရန်ဗာရို့စ်ကို ဂိုးပြတ်အနိုင်ရထားသည်။

Most Read

Most Recent