MNL ကလပ်များ ကပ်ရောဂါနှင့် အသုံးစရိတ်အပေါ်မူတည်၍ လာမည့်ရာသီတွင် နိုင်ငံခြားသားကစားသမား ခေါ်ယူအသုံးပြုဖွယ်ရှိ

MNL ကလပ်များ ကပ်ရောဂါနှင့် အသုံးစရိတ်အပေါ်မူတည်၍ လာမည့်ရာသီတွင် နိုင်ငံခြားသားကစားသမား ခေါ်ယူအသုံးပြုဖွယ်ရှိ
Photo: EMG
Photo: EMG
Published 25 October 2020

 

မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ်အသင်းများအနေဖြင့် လာမည့်ရာသီတွင် နိုင်ငံခြားသားကစားသမားများ ခေါ်ယူအသုံးပြုရန် ကပ်ရောဂါနှင့် အသင်း၏အသုံးစရိတ်အပေါ်တွင်မူတည်ကြောင်း သိရသည်။

၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကလပ်အသင်းများအနက် တစ်ဝက်ကျော်မှာ နိုင်ငံခြားသား ကစားသမားများ အသုံးပြုခဲ့ပြီး ပြိုင်ပွဲကာလတွင် ဖျက်သိမ်းခဲ့သည့် အသင်းနှစ်သင်းအပါအဝင် စုစုပေါင်း ၁၂ သင်းအနက် ရှစ်သင်းမှာ နိုင်ငံခြားသားကစားသမားများ ခေါ်ယူအသုံးပြုခဲ့သည်။

 ပြီးခဲ့သည့်ရာသီအစတွင် ကလပ်အသင်းရှစ်သင်းက နိုင်ငံခြားသားကစား သမား ၂၄ ဦး ခေါ်ယူအသုံးပြုခဲ့ပြီး ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ကလပ်အသင်းအချို့က နိုင်ငံခြားသားကစားသမား လျှော့ချခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၂၁ ဘောလုံးရာသီ စတင်မည့်ကာလ သတ်မှတ်နိုင်ခြင်းမရှိသေးသလို  MNL ကလပ်အသင်းများအနေဖြင့်လည်း နိုင်ငံခြားသားကစားသမားခေါ်ယူမည့်မူဝါဒ အပြောင်းအလဲပြုလုပ်ရဖွယ်ရှိနေသည်။

"လာမယ့်ရာသီမှာ ကျွန်တော်တို့အသင်းအနေနဲ့ နိုင်ငံခြားသားကစားသမားတွေ ခေါ်ယူဖို့ အစီအစဉ်ရှိပေမဲ့ ဘောလုံးရာသီစတင်မယ့်အနေအထား၊ ကပ်ရောဂါအခြေအနေနဲ့ အသင်းအသုံးစရိတ်တွေကို ထည့်သွင်းစဉ်းစားရမှာပါ။ ရောဂါအခြေအနေကြောင့် ပြည်ဝင်ခွင့်တွေ ခက်ခဲမယ်ဆိုရင် နိုင်ငံခြားသား ကစားသမားတွေ ခေါ်ယူစမ်းသပ်ဖို့လည်း ခက်ခဲနိုင်ပါတယ်။ အရင်လို ကစားသမား အရေအတွက် အများကြီး စမ်းသပ်နိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက အသင်းအသုံးစရိတ်ပါ။ ကပ်ရောဂါကာလမှာ အသင်းအားလုံးနီးပါးက အသုံးစရိတ်လျှော့ချဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် နိုင်ငံခြားသားကစားသမား ခေါ်ယူအသုံးပြုမယ့်အရေအတွက်လည်း ပြောင်းလဲလာနိုင်ပါတယ်။ လက်ရှိ အနေအထားကတော့ ဘောလုံးရာသီစတင်မဲ့ကာလအပေါ်မူတည်သလို ကပ်ရောဂါအခြေအနေနဲ့ အသုံးစရိတ်အပေါ်မူတည်ပြီး နိုင်ငံခြားသားကစားသမား ခေါ်ယူရမှာပါ" ဟု  MNL ကလပ်အသင်းတစ်သင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent