ပြိုင်ပွဲဝင်ကစားသမား ၂၄၀ ဝင်ရောက်ယှဉ်ပြိုင်သည့် Joy Master ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရ

ပြိုင်ပွဲဝင်ကစားသမား ၂၄၀ ဝင်ရောက်ယှဉ်ပြိုင်သည့် Joy Master ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရ
Photos : Ko Ar Ti Facebook
Photos : Ko Ar Ti Facebook
Published 25 October 2020

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီသည် အောက်တိုဘာ ၁၅ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကျင်းပသည့် Joy Master ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား ၂၄၀ ရှိပြီး ဘုန်းမြင့်ကျော်က ၉၆ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အောက်တိုဘာ ၁၉ ရက်တွင် ပွဲစဉ်များ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ၃၂ ဦးအဆင့် အထိ တက်ရောက်နိုင်ခဲ့သော်လည်း တရုတ်အမျိုးသမီးကစားသမားကို အရေးနိမ့်သဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်တွင် အမျိုးသမီး ကစားသမားနှင့် တွေ့ဆုံသဖြင့် အကျောပေး ကစားခဲ့ရပြီး ၁၁-၁၅ ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ယင်းပြိုင်ပွဲမှာ တရုတ်နိုင်ငံ၏ ဒုတိယအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမားအရေအတွက် များပြားသည့် ပြိုင်ပွဲလည်းဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာနှင့် အောက်တိုဘာတွင် နှစ်လဆက်တိုက် ကျင်းပခြင်းဖြစ်ပြီး ဘုန်းမြင့်ကျော်သည် စက်တင်ဘာတွင်ကျင်းပသည့် ပြိုင်ပွဲ၌ ၁၆ ဦးအဆင့် တက်ရောက်နိုင်ခဲ့သဖြင့် ယခုပြိုင်ပွဲတွင် လက်ရည်စစ်ပွဲကစားရန်မလိုဘဲ ၉၆ ဦး အဆင့်မှ စတင်ကစားရခြင်းဖြစ်သည်။

Pool အားကစားနည်း ခေတ်စားသည့် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်သည့် ဧပြီမှစတင်ကာ ပြိုင်ပွဲများ ဆက်တိုက်ကျင်းပလျက်ရှိပြီး ဘုန်းမြင့်ကျော်အနေဖြင့်လည်း ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် Pool အားကစားနည်းတွင် 8 Ball ပြိုင်ပွဲကို ဦးစားပေးကျင်းပလျက်ရှိပြီး ဆုကြေးငွေမြင့်မားသည့်ပြိုင်ပွဲများဖြစ်ကာ ရောက်ရှိသည့် အဆင့်အပေါ်မူတည်၍ ဆုကြေးချီးမြှင့်ခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် ဧပြီမှ အောက်တိုဘာအထိ ခုနစ်လကာလအတွင်း ပြိုင်ပွဲပေါင်း ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အများစုမှာ 8 Ball ပြိုင်ပွဲများဖြစ်ကြောင်း သိရသည်။ ဘုန်းမြင့်ကျော်သည် ယခုလအတွင်း ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။

ဘုန်းမြင့်ကျော်သည် ယခုနှစ်အတွင်း ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်နေသော်လည်း ချန်ပီယံဆုရယူနိုင်ခြင်းမရှိသေးသောကြောင့် လာမည့်ပြိုင်ပွဲများတွင် ချန်ပီယံဆု ရယူနိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။ ဘုန်း မြင့်ကျော်သည် ချန်ပီယံဆုရယူနိုင်ခြင်းမရှိသော်လည်း ၎င်း၏လက်စွမ်းနှင့် စွမ်းဆောင်ရည်များကြောင့် တရုတ်နိုင်ငံ၏ အမြင့်ဆုံး ပြိုင်ပွဲများအပါအဝင် ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ရရန် ဖိတ်ကြားခံနေရပြီး ဆုကြေးငွေမြင့်မားသည့် Chinese 8 Ball ပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

Most Read

Most Recent