ဆန်ချိုအနေဖြင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ငွေကြေးကြောင့် ဖြစ်သည်ဟု ပြင်သစ်ကွင်းလယ်လူဟောင်း ပီတစ် စွပ်စွဲ

ဆန်ချိုအနေဖြင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ငွေကြေးကြောင့် ဖြစ်သည်ဟု ပြင်သစ်ကွင်းလယ်လူဟောင်း ပီတစ် စွပ်စွဲ
Photo: X
Photo: X
Published 5 September 2024

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့တွင် ကစားခဲ့သည့် ပြင်သစ်ကွင်းလယ်လူဟောင်း ပီတစ်က ဆန်ချိုအနေဖြင့် ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ငွေကြေးကြောင့်ဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

ဆန်ချို(၂၄ နှစ်)သည် ယခုနွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် မန်ယူအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ တစ်ရာသီ အငှားဖြင့်ပြောင်းရွှေ့ခဲ့ပြီး ပေါင်သန်း(၂၀) သို့မဟုတ် ပေါင် (၂၅)သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့် ရှိသည်ဆိုသောအချက် ပါဝင်သည်။

ဆန်ချိုအနေဖြင့် မန်ယူအသင်းတွင် မအောင်မြင်ခဲ့သည့်ကစားသမားဘဝကို ပြန်လည်တည်ဆောက်ရန်အတွက် ချယ်လ်ဆီးအသင်းထံသို့လစာလျှော့ယူပြီး ပြောင်းရွှေ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။

သို့သော် ပီတစ်က ''ဒီကိစ္စမှာ အဓိကဆုံးဖြတ်တာက ကစားသမားပါပဲ။ မန်ယူမှာ ဒီလို ဖြစ်ခဲ့တာတောင် ချယ်လ်ဆီးကို ဆန်ချို  ဘာလို့ပြောင်းတာလဲ။ မန်ယူမှာ အဆင်မပြေလို့ ဒေါ့မွန်ကို အငှားသွားကစားခဲ့ရတယ်။ ပြီးတော့ မန်ယူကို ပြန်လာတယ်။ အခု ကစားသမား(၄၀)ကျော်ရှိတဲ့ ချယ်လ်ဆီးကို သူ လာတယ်။ သူ ပြောင်းစရာ အသင်းမရှိဘူးလား။ ဒါမှမဟုတ် သူကိုယ်တိုင်က ယုံကြည်မှုပျောက်နေလို့လား။ ခြေစွမ်းရော၊ ရလဒ်ရော မတည်ငြိမ်တဲ့အသင်းကို ငွေကြောင့်မဟုတ်ဘူးဆိုရင် သူ ဘာကြောင့်လာတာလဲ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent