တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် မြန်မာဘက်မှလာသည့် ကုန်ကားများ၌ တပ်ဆင်ထားသည့် NLD ပါတီအလံများကို ဖြုတ်ချခိုင်းခြင်းနှင့် ပါတီတံဆိပ်ပါအကျႌများ ဝတ်ဆင်သူများကို တရုတ်ရဲများက မေးမြန်းမှုများရှိနေ

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် မြန်မာဘက်မှလာသည့် ကုန်ကားများ၌ တပ်ဆင်ထားသည့် NLD ပါတီအလံများကို ဖြုတ်ချခိုင်းခြင်းနှင့် ပါတီတံဆိပ်ပါအကျႌများ ဝတ်ဆင်သူများကို တရုတ်ရဲများက မေးမြန်းမှုများရှိနေ
Published 18 October 2020
ပြည့်စုံ (မူဆယ်)

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် မြန်မာဘက်မှလာသည့် ကုန်ကားများ၌ တပ်ဆင်ထားသည့် NLD ပါတီအလံများကို ဖြုတ်ချခိုင်းခြင်းနှင့် ပါတီတံဆိပ်ပါအကျႌများ ဝတ်ဆင်သူများကို တရုတ်ရဲများက မေးမြန်းမှုများ ရှိနေကြောင်း သိရသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်စုကြည်ပုံပါ NLD စာသားများ ကပ်ထားသော စတေကာနှင့် အလံများကို တစ်ခုမကျန် ဖြုတ်ခိုင်းပြီး ၎င်းတို့နိုင်ငံအတွင်း ထပ်မံတွေ့ရှိပါက ၎င်းတို့၏ ဥပဒေဖြင့် ဆက်လက်အရေးယူသွားမည် ဟုသိရကြောင်း သရဖီကုန်ဂိတ်မှ ဦးအောင်မင်းက ပြောကြားသည်။

“ ကျွန်တော်တို့ အခုကျယ်ဂေါင်မှာ NLD အကျႌ ဝတ်တဲ့သူတွေကို ဖမ်းတယ်၊ မဝတ်ရဘူးလို့ ပြောတယ်။ အခုကားကြီးမောင်းတဲ့ သူတွေဆိုရင်လည်း ရှန်တိန်မောင်းတဲ့သူတွေ က ဝတ်ပြီးမောင်းတော့ အခုတရုတ်က တုန်ကင်ကဒ်တွေ ယူတဲ့နေရာမှာ စာပါရေးခိုင်းထားတယ်၊ သူတို့ကတော့ NLD မှ မဟုတ်ဘူး၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ အလံတွေ အကျႌတွေ မဝတ်ဆင်ကြဖို့ ဝတ်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ အရေးယူမယ်လို့ ပြောတယ်၊ မနေ့ကရယ် တနေ့ကရယ် အကျႌလေးတွေဝတ်တဲ့သူတွေကို တရုတ်ရဲက လိုက်ဖမ်းတယ်။ မေးတယ် မြန်းတယ် ၊ တချို့ကို ရဲစခန်းထိခေါ်သွားတယ်၊ ပြန်လွတ် မလွတ်တော့ မသိဘူး၊ ကျယ်ဂေါင်မှာဆို ကား‌တွေမှာက NLD အလံတွေက တပ်ထားတယ်၊ ကားဆရာတွေရဲ့ ရင်ထဲမှာ NLD လေးတွေ ရှိကြတော့၊ NLD အကျႌလေးတွေ ဝတ်ကြတာပေါ့၊ ကျယ်ဂေါင်ထဲမှာတော့ အကျႌတွေ ဝတ်လို့မရဘူးပေါ့” ဟု ကျယ်ဂေါင်မြို့တွင် နေထိုင်သော ကိုအရှည်ကြီးက ပြောကြားသည်။

ယခုအခါ ကျယ်ဂေါင်သို့ ရောက်ရှိနေသော ကုန်ကားများတွင် NLD တံဆိပ်များ စတေကာများကို စတင်ခွာနေပြီး ကျယ်ဂေါင်ထဲမှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ထွက်ခွာရန် စောင့်ဆိုင်းနေသော ကုန်တင်ကားအစီးရေ ၇၀၀ ကျော် စောင့်ဆိုင်တန်းစီထားပြီး ယခင်က တစ်ရက်လျင် ကုန်တင်ယာဉ် အဝင်အထွက် ၃၅၀ နီးပါ ဝင်ထွက်နေရာမှ ယခုအခါ တစ်ရက်လျင် ၆၀ ကျော်သာ ဝင်ထွက်လျက် ရှိသည်။

“NLD ပါတီအလံကပ်ပြီး ဝင်လာတဲ့ ကားသမားတွေ ကားပေးလိုက်တာဆိုတော့ ၊ ကား ကျယ်ဂေါင်ထဲ ရောက်လာတာပေါ့ဗျာ၊ တရုတ်က အဲ့ဒါတွေ လာဖြုတ်ခိုင်းတယ်ပေါ့၊ ခေါ်မေးတာ မြန်းတာတော့ ရှိတယ်၊ ပြီးတော့ ပြန်လွှတ်ပေးတယ်၊ဒီအပေါ်မှာတော့ သူက ကွန်မြူနစ်နိုင်ငံကိုးဗျ ၊ သူတို့မှာ ရွေးကောက်ပွဲ မရှိဘူး၊ သူတို့မှာ ပါတီအလံတွေ ကို လက်မခံဘူးပေါ့ဗျာ။ သူ့နိုင်ငံမှာ သူ့ဥပဒေကို လေးစားရမှာပေါ့၊ ကိုယ့်နိုင်ငံမှာ ကိုယ့်ဥပဒေပေါ့၊ နှစ်ဘက် လေးစားရမှာပေါ့” ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောကြားသည်။

အောက်တိုဘာ ၈ ရက်က မြန်မာ-တရုတ် နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွှေလီမြို့တို့တွင် ခွင့်ပြုချက် မတောင်းဘဲ အင်အားပြ လှည့်လည်သည့် NLD ပါတီဝန်းရံသူ ၉၀၀ ကျော်အား တရုတ်နိုင်ငံရဲတပ်ဖွဲ့က ခေတ္တဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အောက်တိုဘာလ ၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ကာ လှည့်လည်မှုကို ဦးဆောင်သူဟု ယူဆရသူ သုံးဦးကို ယနေ့တိုင် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားကြောင်း သိရသည်။

Most Read

Most Recent