ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲမကျင်းပတော့သဖြင့် မဲဆန္ဒရှင်အများအပြား မဲပေးခွင့်ဆုံးရှုံးပြီး ရခိုင်ပြည်နယ်၌ မဲပေးခွင့်ရှိသူ၏ ၇၅ ရာခိုင်နှုန်းဝန်းကျင် မဲဆန္ဒရှင် ၁ ဒသမ ၂ သန်းခန့် မဲပေးခွင့်ဆုံးရှုံး

ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲမကျင်းပတော့သဖြင့် မဲဆန္ဒရှင်အများအပြား မဲပေးခွင့်ဆုံးရှုံးပြီး ရခိုင်ပြည်နယ်၌ မဲပေးခွင့်ရှိသူ၏ ၇၅ ရာခိုင်နှုန်းဝန်းကျင် မဲဆန္ဒရှင် ၁ ဒသမ ၂ သန်းခန့် မဲပေးခွင့်ဆုံးရှုံး
၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေမှုအား တွေ့ရစဉ်
၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေမှုအား တွေ့ရစဉ်
Published 17 October 2020
မင်းနိုင်စိုး

ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲမကျင်းပတော့သဖြင့်  မဲဆန္ဒရှင်အများအပြား မဲပေးခွင့်ဆုံးရှုံးပြီး ရခိုင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းဝန်းကျင်ဖြစ်သည့် မဲဆန္ဒရှင် ၁ ဒသမ ၂ သန်းခန့် မဲပေးခွင့်ဆုံးရှုံးကြောင်း သိရသည်။

ရခိုင်၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအချို့၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကာက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်များ ထုတ်ပြန်သည်။

ရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်အရ ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး စုစုပေါင်း ကိုးမြို့နယ်တွင်လည်းကောင်း၊ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်မှ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူရှိသူ ၁၆၄၀၀၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲမကျင်းပသည့် မဲဆန္ဒနယ်များကြောင့် ၄၆၀၀၀၀ ကျော်သာ မဲပေးခွင့်ရှိတော့ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် ယခင်ကတည်းက ရွေးကောက်ပွဲကျင်းပခဲ့ခြင်းမရှိသည့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ လေးမြို့နယ်နှင့် မိုင်းလားမြို့နယ်အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် မကျင်းပတော့သည့် မြို့နယ်များစာရင်းတွင် မိုင်းကိုင်မြို့နယ် တစ်မြို့နယ်ထပ်မံတိုးလာပြီး မိုင်းကိုင်မြို့နယ်သည် မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းကျော်ရှိကြောင်း သိရသည်။

“ စာရင်းအတိအကျတော့ မရနိုင်ဘူး။ မရနိုင်ဘူးဆိုတာက လူက တောက်လျှောက် တိုးနေတာ။ ဒုတိယအကြိမ် ကပ်ပြီးတဲ့ စာရင်းက ကျားက ၂၆၁၃၈ ၊ မက ၃၀၃၂၀ စုစုပေါင်းက ၅၆၄၅၈။ ဒါက မဲစာရင်း ကပ်ပြီးတဲ့ အခြေအနေပဲ ရှိသေးတယ်နော်။ နောက်ထပ် တိုးတာတွေက အများကြီးရှိသေးတယ်” ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ နောင်ချိုမြို့နယ်မှ ဆိပ်ဖူးကျေးရွာအုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စုသုံးစု၊ မန်တုံမြို့နယ်မှ ကျေးရွာအုပ်စုနှစ်စု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စုလေးအုပ်စု၊ မိုင်းယန်းမြို့နယ်မှ ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအုပ်စု ၁၃ အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ လုံကောင့်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်စု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စုလေးစု၊ မူဆယ်မြို့နယ်မှ ရပ်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စု ကိုးစု၊ မက်မန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စုသုံးစု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၁ စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု ခြောက်စု၊ ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ ကုန်းကြမ်းမြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ ဟိုပန်မြို့နယ်မှ  ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၃၇ စုတို့တွင်လည်း ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့သည့် ကိုးမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲကာလက စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၁၇၅၂၆ ဦး ရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက ပေါက်တောမြို့နယ်တွင် ၉၈၁၅၉ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၉၄၈၁၀ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၈၇၈၇၅ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၃၆၀၆၉ ဦး၊ မောင်တောမြို့နယ်တွင် ၂၄၀၀၈ ဦး၊ ကျောက်တော် ၁၃၀၇၃၀ ဦး၊ မင်းပြားမြို့နယ်တွင် ၁၁၇၃၁၈ ဦး၊ မြေပုံမြို့နယ်တွင် ၈၇၁၁၁ ဦးနှင့် မြောက်ဦးမြို့နယ်တွင် ၁၄၁၄၄၆ ဦး စသည်ဖြင့် အသီးသီးရှိခဲ့သည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲကာလက ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၆၆၇၉၂ ဦး ရှိခဲ့သည်။

ယခုရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ကြေညာခဲ့သည့် ရခိုင်ပြည်နယ် ကိုးမြို့နယ်တွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အဓိက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရခိုင်အမျိုးသားပါတီ (ANP) က အနိုင်ရရှိထားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုသည့် ကိုးမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကိုးနေရာနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခုနစ်နေရာ ပါဝင်ကြောင်း သိရသည်။

“ ပြောလို့ရတာကတော့ ပြည်သူ့လွှတ်တော် ကိုးခုပါမယ်။ ပြည်နယ်လွှတ်တော်ကျတော့ တစ်ခြမ်းစီပါမယ် ထင်တယ်။ အမျိုးသားလွှတ်တော်က တောင်ကုတ်က တစ်ခုရတယ်။ သံတွဲနဲ့ ဂွက တစ်ခုပဲ ရတယ်။ ဆိုတော့ အမျိုးသားလွှတ်တော်က တောင်ကုတ်နဲ့ သံတွဲ နှစ်နေရာဖြစ်မှာပေါ့။ ရမ်းဗြဲနဲ့ အမ်းက တစ်နေရာဆိုတော့ အဲဒီမှာလည်း တစ်နေရာရမှာပေါ့။ မာန်အောင်နဲ့ ကျောက်တော်တစ်နေရာဆိုတော့ အဲဒီမှာ လေးနေရာ။ စစ်တွေ တစ်နေရာ။ အဲဒီတော့ ရတာက ငါးနေရာ။ မရတာက ခုနစ်နေရာပေါ့။ သူက ၁၂ နေရာပဲ ရတာကိုး တိုင်းနဲ့ ပြည်နယ်တစ်ခုကိုး” ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သော ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အများအပြား ပါဝင်ခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုသို့ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာနိုင်ရန်အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မေးမြန်းခဲ့ခြင်းမရှိကြောင်းလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။  

“ ဒါကတော့ ကျွန်တော်တို့ကို မေးတာလည်း မရှိဘူး။ မြန်းတာလည်း မရှိဘူး။ ကျွန်တော်တို့ကတော့ ဃဃနန မသိဘူး။ သူတို့ မေးတာကို ကျွန်တော်တို့ ကြားတာကတော့ ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့၊ ပြည်ထောင်စု အစိုးရတို့ကို မေးတာ။ သူတို့ရဲ့ Recommend အရပဲ ဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့ဆီကနေ မသွားဘူး” ဟု ဦးသူရိန်ထွဋ်က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ရွေးကောက်ပွဲ မကျင်းပမီ လူဦးရေစာရင်းနှင့် မဲဆန္ဒနယ်များ ခွဲခြားခြင်းကို ပြုလုပ်ထားခြင်းဖြစ်ပြီး ယခုမှ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခြင်းသည် နယ်မြေလုံခြုံရေးကြောင့် ဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခဲ့သည့်နေရာများတွင် ကချင်ပြည်နယ်အတွင်းရှိ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ အင်ဂျန်းယန် စသည့်မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၁၄၉ အုပ်စု ပါဝင်ခဲ့ပြီး ထိုသို့ပါဝင်ခဲ့သော်လည်း မဲပေးပိုင်ခွင့်နှင့် မဲဆန္ဒနယ်မြေများကို မည်သို့မျှ ထိခိုက်မှုမရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

“ ဘာထိခိုက်မှုမှ မရှိပါဘူး။ ဒီနယ်မြေကကွာ အစကတည်းက အဲဒီထဲမှာ ၈၂ အုပ်စုလောက်က ကျေးရွာအုပ်စု ပျက်တွေ။ လူမနေဘူး။ သဘောက ပြည်ထဲရေးဝန်ကြီးဌာနကကိုက သူတို့ရဲ့ရပ်ကွက်၊ မြို့၊ ပြည်နယ် ဖွဲ့စည်းမှုတွေ ရှိတယ်လေ။ အဲဒီအထဲမှာ အဲဒီရွာနာမည်တွေ ရှိနေတယ်။ ဒါပေမဲ့ မြေပြင်မှာက အဲဒီရွာတွေက မရှိတော့ဘူး။ မြေပုံထဲမှာ နာမည်ပဲရှိတယ်။ လူမရှိတော့ဘူး။ ပြီးရင် သူတို့ ပြည်ထဲရေးဝန်ကြီးဌာနက မြို့ရွာများ ဖွဲ့စည်းမှု စာရင်းထဲမှာ အဲဒီကျေးရွာနာမည်တွေ ရှိနေတယ်။ သူတို့လည်း ပယ်ဖျက်ဖို့တော့ လုပ်နေတာပေါ့နော်။ မပြီးသေးတဲ့ အမှုတွဲတွေပေါ့။ အဲဒီနာမည်တွေက ပါနေတာ။ အဲဒါကြောင့်မို့လို့လည်း သူတို့က မလုပ်နိုင်ဘူးလို့ ကြေညာတာ။ ဒါကြောင့်မို့လို့ မလုပ်နိုင်ဘူးလို့ ပြောတာ။ တကယ်တမ်းတော့ လူကိုမရှိဘူး။ မနေတော့ဘူး။ မြေပုံပေါ်မှာ နာမည်ပဲ ရှိတော့တယ်။ အဲဒီလိုမျိုးတွေက ၈၀ ကျော်လောက်ပါတယ်” ဟု ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

ထို့ပြင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေတွင် ယခင်ကတည်းကပင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်း ပြုစုခြင်းနှင့် မဲစာရင်း ပြုစုခြင်းများ ဆောင်ရွက်ထားခဲ့ခြင်းမရှိသကဲ့သို့ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းထားခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ပြောကြားသည်။ 

Most Read

Most Recent