ရခိုင်ပြည်နယ်မှ မြို့နယ်ကိုးခုအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲ မကျင်းပခြင်းအပေါ် တိုင်းရင်းသားပါတီများ အပြင်းအထန်ဝေဖန်

ရခိုင်ပြည်နယ်မှ မြို့နယ်ကိုးခုအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲ မကျင်းပခြင်းအပေါ် တိုင်းရင်းသားပါတီများ အပြင်းအထန်ဝေဖန်
Published 17 October 2020
သတင်းအဖွဲ့

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် ပြည်နယ်အချို့ရှိ မြို့နယ်အချို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်အဖြစ်မှ ပယ်ဖျက်မှုအပေါ်  တိုင်းရင်းသားပါတီများက ပြင်းထန်စွာ ဝေဖန်လျက်ရှိသည်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။

လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိခြင်းကြောင့်ဟုဆိုကာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်ခြောက်ခုအထိ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

“ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ တစ်ဝက်ကျော် မလုပ်နိုင်ဘူးဆိုတဲ့အခါမှာ ဒီရွေးကောက်ပွဲဟာ ပြည်သူကိုယ်စားပြုအားနည်းတဲ့ ရွေးကောက်ပွဲ ဖြစ်သွားလိမ့်မယ်။ လွှတ်တော်တွေ ပြည်နယ်အစိုးရတွေဖွဲ့စည်းရာမှာ ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ အစိုးရ၊ လွှတ်တော်ဖြစ်တာကြောင့် Mandate အားဖြင့် အားနည်းသွားမယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောကြားသည်။

ကော်မရှင်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ဘဲ စစ်တွေ၊ တောင်ကုတ်၊ အမ်းနှင့် ကျောက်ဖြူ မြို့နယ်များရှိ ရပ်ကွက်၊ အုပ်စု ၁၅၂ ခုတွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ပေ။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မြေပုံနှင့် ပေါက်တောကဲ့သို့ မြို့နယ်များကို ရွေးကောက်ပွဲ မဲဆန္ဒနယ်အဖြစ်မှ ချန်လှပ်ခြင်းက ANP ပါတီ အနိုင်ရရှိနိုင်သောနေရာများတွင် ရွေးကောက်ပွဲပြုလုပ်ရန် မလိုလားသည့်သဘောဟု ဦးဖေသန်းက မှတ်ချက်ပြုသည်။

“ ပေါက်တောမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဒါကြောင့် နိုင်ငံရေးရဲ့ အခြေအနေမှန်ကို ကျွန်တော်တို့ စိုးရိမ်တယ်။ တည်ငြိမ်တဲ့ မြို့နယ်တစ်ခုကို နိုင်ငံရေးအခန်းကဏ္ဍကနေ ပယ်ထုတ်တယ်ဆိုတော့ စိတ်မကောင်းဘူး။ နောက်ပြီး ရခိုင်အမျိုးသားပါတီအောင်နိုင်တဲ့ နေရာတွေကို အဓိက ပိတ်လိုက်တာလို့ မြင်တယ်” ဟု ANP ပါတီဝင် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲမရှိသော မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မပြုလုပ်ဘဲ တိုက်ပွဲအများဆုံးရှိသည့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ လုပ်ဆောင်ခြင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  မည်သည့်သတ်မှတ်ချက်များနှင့် ဆုံးဖြတ်သည်ကို ထုတ်ပြန်ပေးစေလိုကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စများ စောင့်ကြည့်လေ့လာသည့် အဖွဲ့တစ်ခုဖြစ်သော MIPS အဖွဲ့အမှုဆောင်ဒါရိုက်တာ  ဒေါက်တာမင်းဇော်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၁၇ ရက်က ရေးသားခဲ့သည်။

“ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ ဘယ်ပါတီ ရွေးကောက်ပွဲနိုင်တယ်၊ ရှုံးတယ်ဆိုတာက စနစ်ရဲ့သဘာဝပါ။ ပေးထားချက်ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ရင် တကယ့်ပြည်သူမဲနဲ့ တက်လာတဲ့ ပါတီအပေါ်မှာတောင် အရိပ်မဲကြီး ကပ်ပါလာပါလိမ့်မယ်” ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်တွင် ယခင်ကတည်းက ရွေးကောက်ပွဲကျင်းပခဲ့ခြင်းမရှိသည့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ လေးမြို့နယ်နှင့် မိုင်းလားမြို့နယ်အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် မကျင်းပတော့သည့် မြို့နယ်များစာရင်းတွင် မိုင်းကိုင်မြို့နယ် တစ်မြို့နယ်ထပ်မံတိုးလာသည့်အပြင် မြို့နယ် ၁၇ မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄၀ ကိုလည်း မဲဆန္ဒနယ်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ကော်မရှင်ပယ်ဖျက်ခဲ့သည့် မဲဆန္ဒနယ်အများစုသည် တိုင်းရင်းသားပါတီများ အားကောင်းသည့် မဲဆန္ဒနယ်များဖြစ်နေရာ မည်သည့်အကြောင်းပြချက်ဖြင့် အဆိုပါမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ မကျင်းပရခြင်းကို ကော်မရှင်အနေဖြင့် ရှင်းလင်းရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တွဲဘက်အထွေထွေအတွင်ရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က တောင်းဆိုသည်။

“ ခြုံပြီးတော့ သုံးသပ်လိုက်တဲ့ အချိန်မှာ ပယ်ဖျက်လိုက်တဲ့နေရာ တော်တော်များများက ပြည်မပါတီမဟုတ်တဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီတွေ အားကောင်းတဲ့နေရာတွေကြီးပဲ ဖြစ်နေတယ်ဆိုတော့ ဒါက မပြေးသော် ကန်ရာရှိ သံသယဝင်စရာကိစ္စတွေ၊ ဆက်စပ်ပြီး စဉ်းစားရင် စဉ်းစားရင် စဉ်းစားသလောက် သံသယဝင်လာနိုင်ခြေရှိတဲ့ကိစ္စတွေ ဖြစ်လာတယ်” ဟု ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

မဲဆန္ဒနယ်အချို့ ပယ်ဖျက်ခြင်းကြောင့် ပါတီအပေါ် ထိခိုက်ခြင်းထက် နိုင်ငံသားများ၏ မဲပေးပိုင်ခွင့်ကို ကန့်သတ်ရာရောက်သည်ဟုသာ ၎င်းက မှတ်ချက်ပေးသည်။

ကော်မရှင်ထုတ်ပြန်ချက်တွင် မဲဆန္ဒနယ်များ ပယ်ဖျက်သည့်အပေါ် လွတ်လပ်၊ မျှတသည့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိ၍ဟူ၍ အကြောင်းပြသော်လည်း မူဆယ်မြို့နယ်ရှိ တော်ရွက်ကျေးရွာအုပ်စု၊ လားရှိုးမြို့နယ်ရှိ မယ်ဟန်ကျေးရွာအုပ်စုနှင့် မိုင်းကိုင်မြို့နယ်တို့သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု ၎င်းက ဆိုသည်။

လက်ရှိကော်မရှင် ကြေညာသည့် ပယ်ဖျက်မဲဆန္ဒနယ်အချို့သည် ၂၀၁၅ ရွေးကောက်ပွဲတည်းက  မကျင်းပနိုင်သည့် မဲဆန္ဒနယ်များဖြစ်သော်လည်း ယခင်ရွေးကောက်ပွဲထက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်အရေအတွက် ၁၀ မြို့နယ် တိုးလာသည်။

“ အခုက ကိုယ့်ကိုကိုလည်း ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့ခေတ်ကြီးမှာ အဲဒီခေတ်ကြီးမှာရှိနေတဲ့ UEC က လွတ်လပ်၊ မျှတပါတယ်ဆိုတဲ့ UEC က အရင်တုန်းက မလုပ်နိုင်တဲ့ဟာကို အခုလုပ်နိုင်အောင် ကြိုးစားရမှာ ဖြစ်တယ်ပေ့ါ။ အဲဒီလိုမဖြစ်ဘဲနဲ့ အရင်မလုပ်နိုင်ခဲ့တာတွေရော အခုထပ်တိုးပြီးတော့တောင်မှ တချို့ဟာတွေက အကြောင်းပြချက်တောင် စဉ်းစားလို့မရတဲ့ဟာပေါ့။ အဲဒီလိုမျိုးတောင်မှ ပယ်ဖျက်တယ်ဆိုတော့ကာ ဒါက ကျွန်တော်တို့ သုံးသပ်ဖို့၊ ဆက်စပ်စဉ်းစားဖို့တောင် ခက်နေတဲ့သဘောရှိပါတယ်” ဟု ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် ကော်မရှင်မှ ပယ်ဖျက်ခဲ့သည့် မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာအုပ်စုများသည် ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များဖြစ်သော်လည်း လက်ရှိတွင် အချို့သောမြို့နယ်များ ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေအထားရှိကြောင်း၊ ယင်းမဲဆန္ဒနယ်အများစုသည် ဒေသခံပါတီ အားကောင်းသည့် မဲဆန္ဒနယ်များဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

“ NLD ဟာ ပြန်ပြီးမှ အာဏာရရှိရေးအတွက်ပဲ ကြိုးစားနေတဲ့ပုံစံမျိုးဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ ပြန်လည်ပြန်သင့်မြတ်ရေး သူတို့အနေနဲ့ ဒါကို ခေါင်းထဲမှာ မထားဘူး။ ငြိမ်းချမ်းရေးကိုလည်း ခေါင်းထဲမှာ မထားဘူး။ သူထားတာတော့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးပဲ ဒါပဲ စဉ်းစားတဲ့ပုံစံမျိုးနဲ့ လုပ်နေတယ်လို့ပဲ စွပ်စွဲချင်တယ်။ ဒီဟာတွေက လုံးဝမလုပ်သင့်တဲ့ အလုပ်တွေပဲ” ဟု ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘားအံ၊ သံတောင်ကြီး၊ မြဝတီမြို့နယ်များရှိ ကျေးရွာအုပ်စုအချို့၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာအုပ်စု၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့ရှိ ကျေးရွာအုပ်စု ၄၂ စုတွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း ကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုင်းရင်းသားပါတီ အားကောင်းသည့် မဲဆန္ဒနယ်အချို့ကို ပယ်ဖျက်သည်ဆိုသော ရှုမြင်ချက်များနှင့်ပတ်သက်၍ NLD ပါတီ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “သူတို့က အေးချမ်းမှုမရှိဘူးဆိုတာကို ချန်ထားတာကိုးဗျ” ဟု တုံ့ပြန်ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပခြင်းကို ဒီမိုကရေစီအတွက်၊ ဒီမိုကရေစီဖြစ်စဉ်အတွက် လုပ်ငန်းစဉ်တစ်ခု အဖြစ်လည်ကောင်း၊ လူအမျာကို ဒီမိုကရေစီအလေ့အကျင့်ကောင်း ဖော်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခု အဖြစ်လည်းကောင်း သဘောမထားဘဲ အာဏာလုပွဲ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်နေသည်ကို တွေ့ရခြင်းမှာ ဒီမိုကရေစီအတွက်သာမက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက်ပါ မကောင်းကြောင်း  ရှမ်းပြည်နယ်အရေး လေ့လာသုံးသပ်သူ သတင်းစာဆရာ စိုင်းထွန်အောင်လွင်က ပြောကြားသည်။

Most Read

Most Recent