ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ အပါအဝင် တိုင်းဒေသကြီးအခြေစိုက် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ထုတ်ပြန်

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ အပါအဝင် တိုင်းဒေသကြီးအခြေစိုက် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ထုတ်ပြန်
Published 15 October 2020
ဉာဏ်လင်းထွန်း

ပြည်နယ်လေးခုရှိ ပေါင်းစည်း တိုင်းရင်းသားပါတီများနှင့်သာ လက်တွဲဆောင်ရွက်မှုရှိပြီး USDP ပါတီ၊ NLD ပါတီ အပါအဝင် တိုင်းဒေသကြီးအခြေစိုက် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် နီးစပ်မှုရှိပြီး ငွေကြေးများပင် ရယူသုံးစွဲထားကြောင်း Online နှင့် မြေပြင်အခြေအနေတွင် စွပ်စွဲထုတ်လွှင့်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရှင်းလင်းရခြင်း ဖြစ်သည်ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

"အဓိက ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ နီးစပ်တယ်။ ငွေရေးကြေးရေး သုံးစွဲတယ်။ သူတို့နဲ့ မဟာမိတ်လုပ်တယ်ဆိုတဲ့ဟာမျိုး ပြောလာတော့ ကျွန်တော်တို့လည်း မဟုတ်ဘူးဆိုတဲ့ဟာကို ရှင်းရှင်းလင်းလင်း ပြည်သူတွေကို ချပြတာဖြစ်ပါတယ်" ဟု ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ကချင်တိုင်းရင်းသားပါတီအချို့ ဖျက်သိမ်းပြီး ပေါင်းစည်းတည်ထောင်သည့် ပါတီဖြစ်ရာ KSPP ကဲ့သို့ ပြည်နယ်လေးခုရှိ ပေါင်းစည်းတိုင်းရင်းသားပါတီများနှင့်သာ လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း KSPP ပါတီ ဒုဥက္ကဌ (၁) ဒေါာဒွဲဘူက ဆိုသည်။

KSPP ပါတီနည်းတူ ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ မွန်ပြည်နယ်ရှိ မွန်ညီညွတ်ရေးပါတီ၊ ချင်းပြည်နယ်ရှိ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယားပြည်နယ်ရှိ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီများသည် ပေါင်းစည်းတိုင်းရင်းသားပါတီများ ဖြစ်သည်။

"သူတို့လည်း ပူးပေါင်းထားတယ်။ ကျွန်မတို့လည်း ကချင်ပြည်နယ်မှာရှိတဲ့ ကချင်ပါတီတွေ ပူးပေါင်းထားတယ် ဆိုတဲ့အခါကျတော့ ကျွန်မတို့ တိုင်းရင်းသားတွေ အချင်းချင်းတော့ ချိတ်ဆက် လက်တွဲမှု၊ ဆွေးနွေးတိုင်ပင်မှု ရှိပါတယ်။ သို့သော် USDP ပါတီတို့၊ NLD ပါတီတို့ နောက်တိုင်းမှာ အခြေစိုက်တဲ့ တစ်ခြားပါတီတို့၊ သူရဦးရွှေမန်းပါတီတို့၊ ပြည်သူ့ပါတီတို့ UDP ပါတီတို့ ဘယ်သူနဲ့မှ မဟာမိတ်မရှိပါဘူး။ အခုပြိုင်ဆိုင်တဲ့ နေရာမှာလည်း သူတို့နဲ့ အဓိက ပြိုင်ဆိုင်ရတာပါ" ဟု ဒေါာဒွဲဘူက ပြောကြားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် KSPP ပါတီ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးပွဲများတွင် ပြည်သူလူထုက အဆိုပါကိစ္စရပ်များအပါအဝင် မေးမြန်းမှုများရှိသလို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က နောက်ခံပေးထားသည်ဆိုသော စွပ်စွဲမှုများလည်း ကြုံတွေ့ရ​သည်ဟု အဆိုပါ ပါတီဒုဥက္ကဋ္ဌ နှစ်ဦး ပြောကြားချက်အရ သိရသည်။

"NLD ပက်သက်တယ်လို့ (စွပ်စွဲမှု) တော့ မရှိဘူး။ ဒါပေမဲ့ ကြံ့ခိုင်ရေးနဲ့ ပက်သက်တယ်ဆိုပြီးမှ အဲ့လို တိတိကျကျကို လိုက်ပြောတာပေါ့နော်။ သူတို့ လိုက်စည်းရုံးတဲ့ နေရာတွေမှာပေါ့။ ကျွန်မတို့ ဘယ်သူဘယ်ဝါ ဆိုတာတော့ မပြောတော့ပါဘူး"ဟု ဒေါာဒွဲဘူက ပြောကြားသည်။

KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၏ ရုပ်ပုံများ၊ ပါတီပေါင်းစည်းမှုတွင် ပါဝင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ  ဦးခက်ထိန်နန်၏ ရုပ်ပုံများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတံဆိပ်များ အသုံးပြု၍ Online တွင် လွှင့်တင်ဖော်ပြမှုများ ရှိသလို၊ ၄င်းတို့ တိုင်းရင်းသားပါတီကို မဲပေးလျှင် ပြည်ခိုင်ဖြိုး အာဏာရသွားမည်ဟု ပြောဆိုမှုများက KSPP ပါတီ၏ စည်းရုံးရေးကို များစွာထိခိုက်ကြောင်း ၄င်းကဆိုသည်။

"ပါတီတစ်ခုထက်တော့ မကပါဘူး။ ကျွန်မတို့ကို ဒီလိုမျိုး မဟုတ်မမှန်တွေ တင်နေတာကတော့။ ပါတီကြီးတွေ ပါသလို ပါတီငယ်တွေလည်း ပါပါတယ်" ဟု ဒေါာဒွဲဘူက ပြောကြားသည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စတင်တည်ထောင်ခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့အခြေစိုက် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီက ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ထပ်မံ ပူးပေါင်းလာမှုကြောင့် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပါတီ လေးပါတီ တရားဝင် ဖျက်သိမ်းပြီး ပေါင်းစည်းထားသည့်ပါတီ ဖြစ်​လာခဲ့သည်။

KSPP ပါတီ၏ ပထမအကြိမ် ညီလာခံကို ယခုနှစ် မတ်လဆန်းက ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာ မနာမ်တူးဂျာ အပါအဝင် ပါတီဒုတိယဥက္ကဋ္ဌ လေးဦး ရွေးချယ်တင်မြှောက်ခဲ့သည်။

ကချင်ပြည်နယ်ရှိ ၁၈ မြို့နယ်လုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် KSPP ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါတီဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအားလုံး ပါဝင်လျက်ရှိသည်။

Most Read

Most Recent