ရွေးကောက်ပွဲတွင် အရပ်သားများ မဲပေးခွင့် ဆုံးရှုံးမည့်အလားအလာများ မြင်တွေ့နေရပြီး ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်း မဖြစ်ပေါ်စေရေးအတွက် တပ်မတော်နှင့် RCSS တို့ အပစ်ရပ်ပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ရွေးကောက်ပွဲတွင် အရပ်သားများ မဲပေးခွင့် ဆုံးရှုံးမည့်အလားအလာများ မြင်တွေ့နေရပြီး ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်း မဖြစ်ပေါ်စေရေးအတွက် တပ်မတော်နှင့် RCSS တို့ အပစ်ရပ်ပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်လာသူများအား အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်
တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲရှောင်လာသူများအား အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်
Published 14 October 2020
မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွေးကောက်ပွဲတွင် အရပ်သားများ မဲပေးခွင့်ဆုံးရှုံးမည့် အလားအလာများ မြင်တွေ့နေရပြီး မလိုလားအပ်သော ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်း မဖြစ်ပေါ်စေရေးအတွက် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အနေဖြင့် တိုက်ပွဲများ ရပ်တန့်ပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀ ကျော်နှင့် ဒေသခံများက တောင်းဆိုသည်။

တိုက်ပွဲများ ရပ်တန့်ပေးရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌသို့ လိပ်မူ၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက အောက်တိုဘာ ၁၁ ရက်တွင် စာရေးသားပေးပို့ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS တို့ အောက်တိုဘာ ၁ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်သည် COVID-19 ရောဂါကြောင့် ပြည်သူလူထုများမှာ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် စားဝတ်နေရေး စသည့်ကဏ္ဍများတွင် အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက JMC-S ဥက္ကဋ္ဌ (ရှမ်း) သို့ ပေးပို့သော အပစ်ရပ်ပေးရန် တောင်းဆိုစာတွင် ဖော်ပြခဲ့သည်။

ထိုသို့ အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရသည့်အပြင် တိုက်ပွဲများကြောင့် ဒေသခံများ၏ အသက်အန္တရာယ်အတွက်လည်း ထပ်မံပူပန်နေရပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ ၂၆၀၀ ကျော် ရှိလာကာ အဆိုပါစာရင်းတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် မသန်စွမ်းသူများလည်း ပါဝင်ခဲ့ကြောင်း ယင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲကြီးအား ရပ်တန့်ရွှေ့ဆိုင်းရမည့် အနေအထားနှင့် အရပ်သားပြည်သူများ မဲပေးခွင့် ဆုံးရှုံးမည့် အလားအလာများ မြင်နေရပြီး မလိုလားအပ်သော ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်း မဖြစ်ပေါ်စေရန် တပ်မတော်နှင့် RCSS တို့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ဆွေးနွေးညှိနှိုင်းကြရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ပုံဝိုးကျေးရွာ၊ ခန့်ခဲရွာ၊ ကုန်းဟတ်ရွာ အစရှိသည့် ရွာများတွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲများကြောင့် ဒေသခံများမှာ သာသနိက အဆောက်အဦများတွင် လာရောက်ခိုလှုံနေရသဖြင့် COVID-19 ရောဂါကာကွယ်ရေး အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အခက်အခဲနှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း ပုံဝိုးရွာနှင့် ဟဲကွီရွာ ဒေသခံအချို့က JMC-S (ရှမ်း) ဥက္ကဋ္ဌထံ စာရေးသားပေးပို့ခဲ့ကြသည်။

လက်ရှိ ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုများ မရပ်တန့်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေပါက စစ်ဖြစ်ရာဒေသအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကြောင်းများနှင့် စီးပွားရေးများ ဆိုးရွားစွာထိခိုက်မှုရှိလာမည်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် နှစ်ဘက်အကြားတွင် ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရေး JMC-S (ရှမ်း) အနေဖြင့် ကူညီဖြေရှင်း ဆောင်ရွက်ပေးရန် ပုံဝိုးရွာနှင့် ဟဲကွီရွာ ဒေသခံအချို့ကJMC-S (ရှမ်း) ဥက္ကဋ္ဌထံ စာရေးသားပေးပို့၍ တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent